
အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား ဆယ်စုနှစ်များစွာကြာနေတဲ့ အင်ဒက်စ် ရေဖြန့်ဖြူးရေး သဘောတူညီချက်ကို ဆိုင်းငံ့ဖို့ အိန္ဒိယရဲ့ ဆုံးဖြတ်ချက်ကြောင့် နှစ်နိုင်ငံစလုံးကိုဖြတ်ပြီး စီးဆင်းနေတဲ့ ချေနက်ဘ်လို မြစ်တွေအပေါ် လူသန်းချီ မှီခိုနေရတဲ့ ပါကစ္စတန်နိုင်ငံမှာ အချက်ပေးသံတွေ ထွက်လာခဲ့ပါတယ်။
စစ်ပွဲတွေ၊ နိုင်ငံရေး မငြိမ်သက်မှုတွေနဲ့ စစ်ရေးပဋိပက္ခတွေကြားမှာ သဘောတူစာချုပ်အရ ချေနက်ဘ်မြစ်ဟာ ပါကစ္စတန်နိုင်ငံကို ဖြတ်ပြီး ဆယ်စုနှစ် ၆ ခုကျော် စီးဆင်းခဲ့ပါတယ်။
အိန္ဒိယဘက်က သဘောတူစာချုပ်ပါ တာဝန်ဝတ္တရားတွေကို ဆိုင်းငံ့ထားမယ်လို့ ကြေညာပြီးတဲ့နောက် ရေက လက်နက်ဖြစ်လာနိုင်တဲ့ အနာဂတ်အတွက် ပါကစ္စတန်က ကြိုးပမ်းနေပါတယ်။
ရေနည်းနေပြီဖြစ်လို့ လယ်သမားတွေ အထူးစိုးရိမ်နေတာပါ။ အိန္ဒိယရဲ့ တဖက်သတ် ဆုံးဖြတ်ချက်ဟာ အထူးသဖြင့် အရေးကြီးတဲ့ စိုက်ပျိုးရာသီအတွင်း လူသန်းပေါင်းများစွာ မှီခိုနေတဲ့ ရေစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
ပါကစ္စတန်ဟာ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒကို ပြတ်ပြတ်သားသား စွန့်လွှတ်တဲ့အထိ ရေဖြန့်ဖြူးမှု ဆိုင်းငံ့ထားမယ်လို့ အိန္ဒိယက ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီလုပ်ရပ်ဟာ နှစ်နိုင်ငံကြား အင်ဒက်စ်မြစ်ဝှမ်းရဲ့ မြစ် ၆ စင်းကို ပိုင်းခြားပြီး အင်ဒက်စ်၊ ဂျေလမ်နဲ့ ချေနက်ဘ်မြစ်တွေ အပါအဝင် ပါကစ္စတန်နိုင်ငံ အနောက်ဘက်က မြစ်တွေဆီကို ဝင်ရောက်ခွင့် အာမခံချက်ဖြစ်တဲ့ ၁၉၆၀ ခုနှစ်မှာ ကမ္ဘာ့ဘဏ်က ကြားဝင်ဆောင်ရွက်ပေးတဲ့ သဘောတူညီချက်ကို ဆိုးဆိုးရွားရွား ချိုးဖောက်ခြင်းဖြစ်တယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။
“ရေထုတ်ချိန်က နည်းနည်းလေး ပြတ်တောက်သွားရင်တောင် ဆည်မြောင်းအစီအစဉ်တခုလုံး ပျက်သွားတယ်။ စပါးကြဲရာသီက စတော့မယ်ဆိုတော့ စပါးက ရေအမြောက်အမြား လိုအပ်တယ်။ ရေစီးဆင်းမှု ပြတ်တောက်သွားရင် စိုက်ပျိုးရေးစနစ်တခုလုံး ခြိမ်းခြောက်ခံရနိုင်တယ်” လို့ ပန်ဂျပ်ဆည်မြောင်းဦးစီးဌာနက အင်ဂျင်နီယာချုပ် မိုဟာမက် ဘီလာက ပြောပါတယ်။
ပါကစ္စတန်ရဲ့ အထူးသဖြင့် ပန်ဂျပ်ပြည်နယ်က စိုက်ပျိုးရေးအခြေပြု စီးပွားရေးဟာ ရေပုံမှန်ရရေးအပေါ် မှီခိုနေရတာပါ။
ပြည်နယ်ထဲမှာ စိုက်ပျိုးထားတဲ့ ဂျုံ၊ ဆန်နဲ့ ကြံတွေဟာ ပြည်သူ သန်းပေါင်းများစွာကို ကျွေးမွေးထားပါတယ်။
ဘယ်လို အနှောင့်အယှက်မဆို ယာယီဖြစ်ရင်တောင် အထွက်နှုန်းကို လျှော့ချနိုင်ပြီး ငွေကြေးဖောင်းပွမှုနဲ့ ရုန်းကန်နေရတဲ့ ပါကစ္စတန်နိုင်ငံမှာ အစားအသောက်ဈေးနှုန်းတွေ တက်လာနိုင်ပါတယ်။
Source: Reuters