
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲကို စစ်ကောင်စီတပ်က မေ ၂၄ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ ယောက် ဒဏ်ရာရပြီး လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “မြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ အိုးရင်းရွာကို ဗုံးကြဲခံလိုက်ရလို့ အဲဒီရွာက အသက် ၂၀ အရွယ် အမျိုးသမီးလေး ၁ ယောက်ကတော့ ခေါင်းပေါက်တဲ့ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ လူနေအိမ်တွေက ၃ လုံး ထိတယ်။ ၂ လုံးကတော့ လုံးဝပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။
အိုးရင်းကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်တာမရှိဘဲ မနက် ၇ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့လည်း ဆိုပါတယ်။
မြိုင် ပကဖ တာဝန်ခံ ဗိုလ်လကျ်ာ က “တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ဗုံးကြဲတာဖြစ်တယ်။ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံးကို တပြိုင်တည်းကြဲတယ်လို့ ယူဆတယ်။ အိမ် ၂ လုံးကြားကို အတည့်ကျလို့ အဲဒီအိမ် ၂ လုံးကတော့ ရစရာမရှိအောင်ကို ပျက်စီးသွားတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းမှာ မြိုင်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတဲ့အတွက် မြိုင်မြို့နယ်က ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့ကလည်း မြိုင်မြို့နယ်ထဲက ဗဟင်းကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သေးလို့ အရပ်သားပြည်သူ သားအမိ ၂ ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့ရသလို လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့သေးရပါသေးတယ်။