
မန္တလေးမြို့လယ်က ၂၉ လမ်း သစ်သီးဈေးကွက်မှာ စိန်တလုံးသရက်သီးတောင်းတွေ စုပြုံနေပါတယ်။ မန္တလေးနေပူပူမှာ သရက်သီးတောင်းအချို့လည်း မရောင်းလိုက်ရဘဲ အသီးတွေ နွမ်းပြီး ပိန်ရှုံ့လာတာကို တွေ့ရပါတယ်။ မန္တလေးမြို့ခံ စိန်တလုံးသရက်သီး စားသုံးသူတဦးက သရက်သီးဝယ်ယူနိုင်တဲ့ အခြေအနေကို အခုလိုပြောပါတယ်။
“ခါတိုင်းထက်စာရင်တော့ ဈေးမြောက်တာပေါ့။ ခါတိုင်းဆို ၃၀၀ ပဲရှိတယ်လေ။ ခု ၄၀၀ တို့၊ ၅၀၀ တို့။ ခါတိုင်းထက်စာရင်တော့ တလုံးကို ၁၀၀ တော့ တက်တာပေါ့။ တလုံးကို။ ခါတိုင်းနှစ်တွေက ပိုဝယ်တယ်။ ဒီနှစ်ကျတော့ အဝယ်နည်းနည်းကျဲသွားတာပေါ့နော်။ ဈေးကလည်း မြောက်တော့လေ။ ခါတိုင်းက ခဏခဏဝယ်ဖြစ်တယ်။ ဒီနှစ် ဈေးနည်းနည်းမြောက်တော့ အဝယ်ကျဲတာပေါ့။”
မန္တလေးမြို့နဲ့ အနီးပတ်ဝန်းကျင် မြို့ရွာတွေက စိန်တလုံး အဓိကထွက်ရှိရာ ဒေသတွေ ဖြစ်ပြီး လတ်လတ်ဆတ်ဆတ် ပေါပေါများများ စားရပေမဲ့လည်း သရက်သီး အဝယ်နည်းသွားပြီး ဈေးကွက်ကျလာတဲ့ အခြေအနေကို မန္တလေးမြို့ခံ သရက်ခြံလုပ်ငန်းလုပ်ကိုင်သူတဦးက အခုလို ပြောပါတယ်။
“ပြည်တွင်းဈေးကွက်စားသုံးသူဆိုရင်လည်း ငလျင်လှုပ်သွားတဲ့ အနေအထားမှာ အားလုံး လူတိုင်း တော်တော်ဒုက္ခရောက်နေတဲ့ အနေထားမှာ အသီးပေါ်မှာ စိတ်ဝင်စားမှုနည်းတယ်။ ကျနော်တို့က ခြံကထွက်ရင် အခု မူဆယ် အရင်တုန်းကတင်သလိုပဲ တခါတင်ရင် ခြင်းသုံးရာတို့၊ ငါးရာတို့ အနည်းဆုံးတင်တာ။ အဲ့ခြင်း ငါးရာဆို မန္တလေးမြို့ဝင်သွားရင် အဲ့ခြင်းငါးရာက တပတ်လောက် ရောင်းယူရတယ်။ ဈေးကွက်က အဲ့လောက်မကျယ်ပြန့်ဘူး။ အဲ့တော့ ပြည်တွင်းစားသုံးမှုက မရှိဘူး မဟုတ်ဘူး၊ ရှိတယ်။ နည်းတယ်။ အဲ့အတွက် ဖြုန်းအား အဲ့လောက်မရှိတဲ့အတွက် ကျနော်တို့အသီးက ပုံပုံသွားတယ်။”
မန္တလေးမှာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ပထမဆုံးထွက်လာတဲ့ သီးနှံက စိန်တလုံး သရက်သီးတွေပဲ ဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်ချိန်ဟာ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စတဲ့ ရာသီပေါ်သီးနှံတွေ သိမ်းဆည်းပြီးချိန် ဖြစ်ပေမဲ့လည်း နှစ်ရှည်သီးနှံဖြစ်တဲ့ သရက်သီးပေါ်ချိန်နဲ့ တိုက်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ အရင်က မန္တလေးမြို့ဟာ အနီးနားဝန်းကျင်က မန္တလေးအထက်က စစ်ကိုင်းတိုင်းနဲ့ မြို့တောင်ဘက် စဥ့်ကိုင်၊ ပလိပ်၊ ကျောက်ဆည်၊ မြစ်သား စတဲ့မြို့ရွာတွေက ထွက်ရှိတဲ့ စိန်တလုံး သရက်သီးတွေရဲ့ အဓိကဈေးကွက်ကြီး ဖြစ်ခဲ့ပါတယ်။ အခုအခါမှာ မန္တလေးကနေ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နဲ့ အခြားဈေးကွက်အပြင် ရှမ်းပြည်အရှေ့ပိုင်းနဲ့ မြစ်ကြီးနားဈေးကွက်၊ ရခိုင်ပြည်နယ်ဈေးကွက်တွေဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာတဲ့ အတွက် သရက်သီးဈေးကွက် ကျဆင်းလာခဲ့ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ လေးနှစ်တာကာလက စလို့ မန္တလေးနဲ့ ရန်ကုန်ဈေးကွက်ကိုပါ အဓိကထားလာရပေမဲ့ ငလျင်လှုပ်ခတ်ပြီးတဲ့နောက်ပိုင်း မန္တလေးဈေးကွက်ပါ ကျဆင်းလာတာဖြစ်ပါတယ်။ မန္တလေးက စိန်တလုံး သရက်သီးဈေးကွက် အခြေအနေကို စဥ့်ကိုင်မြို့က ပွဲစား ကိုထွန်းထွန်းက အခုလိုပြောပါတယ်။
“မန္တလေးဈေးကွက်ကတော့ လောလောဆယ် သူတို့ပြောနေတာကတော့ သိပ်မဟုတ်ဘူး ပြောတယ်။ ခါတိုင်းဆို မန္တလေးဈေးကွက်က ရွာတွေ ခြံတွေထဲမှာ မန္တလေးပွဲစားတွေလည်း ရှိတယ်လေ။ တလုံးကို အိတ်စွပ်တထောင်၊ တထောင်အောက်စမှာ ၇၀၀၊ အဲ့အောက်စမှာ ငါးရာ ဝယ်တာကို အခုကျ သူတို့လည်း အဲ့ဈေးကို မပေးကြတော့ မန္တလေးဈေးကွက်လည်း နည်းနည်းလေးအေးတယ်။ မန္တလေးဈေးကွက်က အပြောင်းလဲဖြစ်မှာဗျ။ မန္တလေးက တကယ့် ဗန်းမော်၊ မြစ်ကြီးနားတို့ ဖားကန့်တို့၊ ရှမ်းပြည်မြောက်ပိုင်းက တကယ်တမ်း မန္တလေးဈေးကွက်က များသောအားဖြင့် အဲ့ဘက်က ထိုးဖောက်တာ များတယ်လေ။ အဲ့ဘက်လမ်းကြောတွေက လမ်းပန်းဆက်သွယ်ရေးတွေ အခက်အခဲရှိတော့ အဲ့ဘက်မှာ မပို့နိုင်တော့ ဈေးကွက်ကတော့ နည်းတယ်။ အဲ့ဘက်လမ်းကြောတွေ ပွင့်နေရင်တော့ ဈေးကွက်ပိုစွာတယ်။ အခုဟာက အရင်တုန်းက ဖာတထောင်ပို့မယ့်ဟာက ပြည်တွင်းမှာတင်၊ မန္တလေးမြို့ တွင်းမှာတင် ဖြုန်းနေတော့ ငါးရာစွန်း ကိုတော်တော်အီနေပြီလေ။”
မန္တလေးမြို့က ဈေးချိုတော်အနီး ရွှေတချောင်းလမ်းပေါ်က စိန်တလုံး လက်လီရောင်းချသူ အမျိုးသမီးငယ်တဦးက ဈေးကွက်ဟာ ထက်ဝက်လောက် ကျဆင်းသွားတယ်လို့ သုံးသပ်ထားပြီး အခြေအနေကို အခုလိုပြောပါတယ်။
“အရောင်းအဝယ်က တော်တော်ကိုပါးတယ်။ ဖောက်သည် တော်တော်ကို လျော့သွားတယ်လေ။ တချို့က ပြန်ကြတာလေ။ ကြောက်ကြတော့၊ နယ်တွေပြန်ကြတာများတယ်။ တော်တော်ကိုပါးတာပဲ။ သိသိသာသာကိုပါးတယ်။ ကျနော်တို့ဆို ညည်းနေရတယ်။ ထက်ဝက်လောက် ကျတယ်။ တော်တော်ကျတယ်။”
အခုလို စိန်တလုံးသရက်သီးပေါ်ချိန်မှာ မန္တလေးမြို့ရှိ တောင်မြောက်၊ အရှေ့နောက် ဖြောင့်တန်းနေတဲ့ လမ်းမတွေပေါ်မှာ တွန်းလှည်းနဲ့ စိန်တလုံးသရက်သီး ရောင်းချသူတွေကို နေရာအနှံ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီလို အိမ်တိုင်ရာရောက် သရက်သီး ရောင်းချသူ တဦးကလည်း အရောင်းအဝယ် အခြေအနေကို အခုလိုပြောပါတယ်။
“အရင်လောက်တော့ မသွက်ဘူး။ ပါးပါးပဲ။ ရောင်းရေးဝယ်ရေးက ပိုက်ဆံ ငွေရှားသွားတဲ့အတွက်။ ပုံမှန်နှစ်တွေဆိုရင် နည်းနည်း အရောင်းသွက်တာပေါ့။ ငွေရေးကြေးရေး အခက်အခဲမရှိတဲ့အတွက်၊ အခုကျတော့ နည်းနည်းပိုက်ဆံက ကျပ်တည်းကြတယ်လေ။”
လက်ရှိ ၂၀၂၅ ခုနှစ် သရက်သီးရာသီမှာ သရက်သီးအထွက်နှုန်းနဲ့ အရည်အသွေး ကျဆင်းတာတွေ ရှိနေတဲ့အပြင် ငလျင်နဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အချိန်အခါမီ ဈေးကွက်တင်ပို့ဖို့ အခက်အခဲတွေ ဖြစ်လာနိုင်တာကြောင့် ဈေးပိုရတဲ့ ပြည်ပတင်ပို့တဲ့ လုပ်ငန်းကို ရပ်နားထားတယ်လို့ စဉ့်ကိုင်မြို့က ထင်ရှားတဲ့ သဇင်နွယ်သရက်ခြံ တာဝန်ခံက ပြောပါတယ်။
“ဒီနှစ်တော့ ကျနော်ထင်တယ် ပို့ဖြစ်မှာမဟုတ်ဘူး။ ဒီနှစ်တော့ ဘာဖြစ်လို့လဲဆိုတော့ အထွက်နှုန်းကျတယ်။ အရည်အသွေးညံ့တယ်။ ကိုယ်ဝယ်လိုက်တဲ့ အသီးတွေဆိုရင် မှည့်လာရင် ထိပ်ပုပ်တာတွေ ဖြစ်တယ်။ ရောဂါတွေပေါ့၊ တောင်သူက ဆေးဖျန်းတာတွေ သိပ်မလုပ်နိုင်ဘူးလေ၊ အရည်အသွေးလည်း ညံ့တယ်။ အထွက်နှုန်းလည်း ကျတဲ့အတွက်ကြောင့် ဒီနှစ်တော့ အိတ်စ်ပို့တ် ပို့နိုင်မှာတော့ မဟုတ်ဘူး။ ဟိုအရင်တုန်းကတော့ ပို့လို့ရတယ်။ ၂၀၁၆ တို့၊ ၂၀၁၇ တို့၊ ၂၀၁၈ တို့။ ဒါပေမဲ့ ဒီလိုမရှိသေးဘူး။ အရည်အသွေးကောင်းတယ်။ ကျနော့်ခြံဆို တော်တော်များများသီးတယ်။ ခြံဆိုရင် မသီးတာ ၃ နှစ်လောက်ရှိပြီ။”
သဇယ်နွယ်သရက်ခြံဟာ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလတာအတွင်း စုစုပေါင်း သရက်သီးတန်ချိန် ၂၀၀ လောက်ကို တရုတ်နဲ့ စင်ကာပူနိုင်ငံတို့ကို တင်ပို့နိုင်ခဲ့တာဖြစ်ပြီး မန္တလေးမြို့ ငလျင်ဘေးခံစားရတဲ့ နှစ်မှာပဲ အရည်အသွေးနဲ့ အထွက်နှုန်း ကျဆင်းလာတာတွေကြောင့် ပြည်ပဈေးကွက်တင်ပို့ဖို့ ရပ်နားခဲ့တာ ဖြစ်ပါတယ်။
မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ် ဒုဌဝတီမြစ်တကြောရှိ မက္ခရာမြို့ဟောင်းတဝိုက်မှာ မျိုးဆက် ၇ ဆက်မက သရက်သီးစိုက်ပျိုးထုတ်လုပ်ကြတဲ့ ခြံကြီးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အဲဒီခြံကြီးတွေမှာ မိရိုးဖလာ သရက်မျိုးတွေဖြစ်တဲ့ ခေါင်ကျိုး၊ နတ်တက်၊ အောင်ဒင်၊ သုံးလုံးတတောင် စတဲ့ သရက်မျိုးတွေနေရာမှာ ဟင်္သာ၊ စိန်တလုံး စတဲ့ နောက်ပိုင်း ဈေးကွက်ဝင်လာတဲ့ မျိုးတွေကို အစားထိုး စိုက်ပျိုးလာကြပါတယ်။ အဲဒီလို မျိုးပြောင်းလဲ စိုက်ပျိုးခဲ့ပေမဲ့လည်း တည်ငြိမ်ခိုင်မာတဲ့ဈေးကွက် မရှိတဲ့အပြင် ငလျင် အကြီးအကျယ် လှုပ်ခတ်ပြီး သဘာဝဘေးကို ရင်ဆိုင်လာရတဲ့အတွက် ဈေးကွက် ပိုပြီးထိခိုက်လာပြီး စီးပွာရေးအရ သရက်ခြံတွေ ရေရှည်တည်တံ့ဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့ အခြေနေကို ရောက်လာပါတယ်။ ဒီအခြေနေကို စဉ့်ကိုင်မြို့နယ်၊ ဒုဌဝတီမြစ်ကမ်းဘေးရှိ ဒေါင့်ကြီးကွေ့ကျေးရွာမှ သရက်တောင်သူ ကိုကျော်ခိုင်ဦးက အခုလို သုံးသပ်ပါတယ်။
“ခေတ်နဲ့ယှဉ်ရင်တော့ မကိုက်တော့ဘူး။ သံပုရာ၊ ငှက်ပျောနဲ့ ယှဥ်ရင်တော့ မကိုက်တော့ဘူး။ ဒါပေမဲ့ ကိုယ့်ဘိုးစဥ်ဘောင်ဆက် စိုက်ထားတဲ့ သီးနှံပင်ဆိုတော့ ဒါလေးနဲ့တော့ တနှစ်တခါတော့ သီးနေတာပဲ၊ ရတဲ့ဈေး၊ ကိုယ့်ဈေး၊ တနှစ်တခါတော့ ဈေးကောင်းလာရင် ဒါလေးက လုပ်ကျွေးသမှု ပြုလိမ့်မယ်ဆိုပြီး ကိုယ့်သရက်ခြံကို ထိန်းထားကြတာပေါ့။ တချို့ကျတော့လည်း ဒါကြီးစောင့်နေတာ ကြာနေပြီ၊ လူတွေကသာ အသက်တွေကြီးလာပြီ၊ ဒီရဲ့ဝင်ငွေက တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လိုက်နေတော့ တခါတည်းလှဲ၊ တခါတည်း ငှက်ပျော သံပုရာ စိုက်ပြီး လောကဓာတ် စီးပွားရေး ဖြေရှင်းမှုကို လုပ်ဆောင်ကြတာပေါ့။”
စိန်တလုံးသရက်သီးဟာ ကျောက်ဆည် ဟံမြင့်မိုရ်ရွာက စခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစလို့ မြန်မာ့စိန်တလုံး သရက်သီးကို တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံတို့ကို တင်ပို့ခဲ့ပြီးတဲ့နောက် လူသိများလာကြပြီး ကျောက်ဆည်မြို့နဲ့ အနီးနားဝန်းကျင် မြို့ရွာတွေအပြင် စစ်ကိုင်းတိုင်း၊ ရှမ်းပြည်တောင်ပိုင်းနဲ့ သရက်ဖြစ်ထွန်းရာ ဒေသတွေမှာ စိန်တလုံးကို စိုက်ပျိုးလာကြပါတယ်။ အဲဒီနောက် ကိုဗစ်-၁၉ ကပ်ရောဂါ မြန်မာနိုင်ငံကို စတင်ကူးစက်လာတဲ့ ၂၀၂၀ ပြည့် နှစ်ဆန်းပိုင်းကစလို့ လော့ဒေါင်းတွေကြောင့် သရက်သီးတင်ပို့တဲ့ လုပ်ငန်းတွေ ထိခိုက်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သလို ကိုဗစ်-၁၉ ကပ်ရောဂါအပြီး စီးပွားရေး ပြန်လည်ထူထောင်ဖို့ ခက်ခဲလာတဲ့အတွက် သရက်သီးစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းတွေ ကျဆင်းခဲ့ပြီး သရက်ခြံတွေ ခုတ်လှဲပြီး အခြားဝင်ငွေရတဲ့ ရာသီပေါ်သီးနှံတွေကို ပြောင်းလဲ စိုက်ပျိုးခဲ့ကြပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် မန္တလေးမြို့မှာ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ဗူးလေးရာ ဖရုံဆင့် ဆိုသလို ဈေးကွက်ကျဆင်းမှုကြောင့် သရက်ခြံလုပ်ငန်းတွေဟာ ထပ်ပြီး ထိခိုက်ခဲ့ရပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ စီးပွားဖြစ် သရက်ခြံ စိုက်ဧက ၃၀,၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်နေတာ ဖြစ်ပါတယ်။
ဝိုင်ပီ