
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်အတွင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ရောက်ရှိနေပြီဆိုပြီး တွံတေး တောကြီးကွင်းထဲ စစ်ကောင်စီ စစ်ကြောင်းထိုး ရှာဖွေမှုတွေ ပြုလုပ်နေပြီး မြို့ပေါ်မှာလည်း အရပ်ဝတ်တွေနဲ့ စစ်ကောင်စီသတင်းပေးတွေ လွှတ်ထားကာ စုံစမ်းစစ်ဆေးနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
တွံတေးတောကြီးကွင်းထဲကို အရပ်သားတွေ အသွားအလာ မပြုလုပ်ဖို့နဲ့ တွေ့တဲ့သူတွေကိုလည်း စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။
တွံတေးမြို့ခံတယောက်က “PDF တွေ မြို့ထဲရောက်နေတယ်ဆိုပြီး ကင်းပတ်တာနဲ့ ဧည့်စာရင်းစစ်တာတွေ လုပ်နေတယ်။ တောကြီးကွင်းဘက်ကိုလည်း စစ်သားတွေ စစ်ကြောင်းထိုး ရှာဖွေတာတွေ ပြုလုပ်နေတယ်။ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းဘက်မှာလည်း စစ်တပ်က အင်အားအများအပြားနဲ့ ကင်းလှည့်နေကြတယ်။ မြို့ပေါ်မှာရှိတဲ့ တည်းခိုခန်းတွေကို နေ့စဥ် ဧည့်စာရင်းစစ်ဆေးတာတွေ လုပ်နေတယ်” လို့ ပြောပါတယ်။
တွံတေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ် တလျှောက် တောကို တောကြီးတန်းလို့ ခေါ်ပါတယ်။ အဲဒီဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတာ။ ကော့မှူးမြို့နယ် ကိုင်းမစမ်းကျေးရွာမှာလည်း စစ်တပ်က ဝင်မွှေနေတယ်” လို့ ပြောပါတယ်။
ကညင်ငူကျေးရွာမှာလည်း အစစ်ဆေးတွေ ကြမ်းနေပြီး ကံကြီးကုန်းမှာလည်း ဗုံးပေါက်တယ်လို့ ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ လောက်နဲ့ ရှာဖွေစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။