ဖမ်းဆီးခံထားရတဲ့ ပရာဒေါင်း ဆွေမျိုးစုခေါင်းဆောင်တွေ မေ ၂၀ ရက် နေ့လယ် ၂ နာရီမှာ ပြန်လွတ်လာပြီလို့ ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီဝင်တွေဆီက သိရပါတယ်။
ဖမ်းဆီးခံရသူ ၄ ယောက်ဟာ ရာဒေါင်းဆွေမျိုးစု ဥက္ကဋ္ဌ ခွန်းအောင်နိုင်စိုး၊ ဒု-ဥက္ကဋ္ဌ ဦးဘမောင်၊ လူငယ်အတွင်ရေးမှူး ခွန်းခိုင်မင်းနိုင်နဲ့ နာယက ဦးအားဒိုတို့ ဖြစ်ပါတယ်။
ဒီနေ့မှာ ကယန်းပြည်သစ်ပါတီက ဗဟိုကော်မတီတွေနဲ့ ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီဝင် ၁၅ ယောက်တို့ တွေ့ဆုံဆွေးနွေးကြပြီးနောက်မှာ ပြန်လွတ်လာတာလို့ သိရပါတယ်။
ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီဝင် လူငယ်တယောက်က “ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေတော့ ပြန်လွတ်လာပြီပေါ့နော်။ ရှေ့လုပ်ငန်းစဉ်တော့ ထပ်မံဆွေးနွေးဖို့ ရှိပါသေးတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
ဘယ်လိုအချက်တွေကို ဆွေးနွေးကြပြီး သဘောတူညီမှုရတယ် ဆိုတာကိုတော့ အသေးစိတ် ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
မြင်းမထိတောင်မှာ သတ္တုတူးနေတာကို ပရာဒေါင်းဆွေမျိုးစုတွေက ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပေမဲ့ ကယန်းပြည်သစ်ပါတီက ဆွေမျိုးစုခေါင်းဆောင်တွေကို မေ ၁၆ ရက်မှာ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
အဲဒီနောက် ရှမ်း-ကရင်နီ နယ်စပ်အနီးက နှင်းဆီကုန်းစခန်းကို ခေါင်းဆောင်တွေကို ပို့ဆောင်ခဲ့ပြီး မေ ၁၉ ရက်က ကယန်းပြည်သစ်ပါတီ အစည်းအဝေးအပြီးမှာ ဌာနချုပ်ကို ပြန်လည်ခေါ်ဆောင်လာတာလို့ သိရပါတယ်။
မြင်းမထိတောင်ဟာ ပရာဒေါင်းဆွေမျိုးစုတွေ ပိုင်ဆိုင်တဲ့တောင် ဖြစ်ပေမဲ့ လေးပွင့်ကြယ်ကုမ္ပဏီက လူထုဆန္ဒ သဘောထားမပါဘဲ တရုတ် မစ္စတာဝမ်ကုမ္ပဏီနဲ့ ခဲသတ္တု အကြီးစားလုပ်ငန်းတူးဖော်ဖို့ ၂၀၁၈ ခုနှစ်ကတည်းက ၅ နှစ်စာချုပ် ချုပ်ဆိုပြီး လုပ်ဆောင်နေလို့ ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာ ဖြစ်ပါတယ်။