
မြန်မာ့ရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ငါးဖမ်းမှုကြောင့် ဖမ်းဆီးခံထားရတဲ့ ထိုင်းငါးဖမ်း လှေသား ၄ ယောက်ကို မြန်မာအာဏာပိုင်တွေက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပြီလို့ ထိုင်းဝန်ကြီးချုပ်က အတည်ပြု ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်က “ ဝမ်းသာစရာပါ။ ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်စေဖို့အတွက် မြန်မာအစိုးရက ထိုင်းငါးဖမ်းလှေသား ၄ ယောက်ကို မတ်လ ၂၇ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သိရတယ်။ ဒါဟာနှစ်ဘက် နိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်း အမြဲမပြတ်ညှိနှိုင်းဆောင်ရွက်မှုရဲ့ ရလဒ်ဖြစ်ပါတယ်။ ထိုင်းငါးဖမ်းလှေသား ၄ ယောက် မိသားစုဝင်တွေထံ အမြန်ဆုံးပြန်ရောက်ဖို့ မြန်မာနဲ့ ထိုင်းနှစ်ဘက်တာဝန်ရှိသူတွေ ဆောင်ရွက်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးကို တာဝန် ပေးထားတယ်။ အခုလိုလွတ်ငြိမ်းချမ်းသာပေးတဲ့အတွက် မြန်မာအစိုးရကို ကျေးဇူးတင်တယ်” လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
အဆိုပါ ထိုင်းငါးဖမ်းလှေသား ၄ ယောက်ကတော့ နိုင်းဆုနန် မုံးကွတ်ထောင်း ( ၆၈ နှစ် ) လှေသူကြီး ၊ နိုင်းဆုမ်ပေါင်း ဝိဝပ် ( ၆၁ နှစ် ) စက်ပြင်ဆရာ ၊ နိုင်းထာဝွဏ်း ဖရူမ်နိမစ် ( ၆၄ နှစ် ) စက်ပြင်ဆရာနဲ့ နိုင်းဆဖန်းထောင်း နာ့နခွန်း ( ၆၉ နှစ် ) လှေပိုင်ရှင်တို့ ဖြစ်ကြပါတယ်။
၂၀၂၄ နိုဝင်ဘာ ၃၀ ရက်က တနင်္သာရီတိုင်း ကော့သောင်းနဲ့ ထိုင်းနိုင်ငံ ရနောင်းကြား ပင်လယ်ပြင်မှာ ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ်ခဲ့တာမှာ ထိုင်းနိုင်ငံသားတယောက် ရေထဲ ခုန်ချသေဆုံးပြီး တယောက် နားနဲ့ပါးမှာ ကျည်ရှပ်ထိဒဏ်ရာရကာ မြန်မာရေလုပ်သားတယောက် လှေပေါ်မှာ ဓာတ်လိုက်ဒဏ်ရာရခဲ့တယ်။
ငါးဖမ်းလှေ ၂ စီး ကျည်ထိမှန်ပြီး ဆော်ကျရွန်းချိုင်းအမည်ရှိ လှေတစီးကတော့ ထိုင်းလှေသား ၄ ယောက်နဲ့ မြန်မာလုပ်သား ၂၇ ယောက်နဲ့အတူ အဖမ်းခံထားရတာ ဖြစ်ပါတယ်။
ကော့သောင်းခရိုင်တရားရုံးက သူတို့ကို မြန်မာ့ရေပိုင်နက်ထဲ ကျူးကျော်ငါးဖမ်းမှု၊ တရားမဝင် ဝင်ရောက်မှုတွေနဲ့ ထောင်ဒဏ် ၄ နှစ် မှ ၆ နှစ်ထိ ပြစ်ဒဏ်ချမှတ်ထားတာ ဖြစ်ပါတယ်။
သူတို့တွေ ပြန်လွတ်လာအောင် ဆောင်ရွက်ပေးဖို့ ကျန်ရစ်သူမိသားစုနဲ့ ထိုင်းငါးဖမ်းလှေအသင်း၊ ထိုင်းလူ့အခွင့်အရေးအဖွဲ့ ၊ လွှတ်တော်ကိုယ်စားလှယ်တို့က ထိုင်းအစိုးရပေါ် ဖိအားပေးခဲ့ကြတယ်။
မူလက ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းချမ်းသာရမယ်လို့ ထိုင်းဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့က ပြောခဲ့ပေမဲ့ ပြန်လွတ်မလာလို့ ဝေဖန်ခံခဲ့ရပါတယ်။
မြန်မာ့ရေပိုင်နက်ထဲရောက်သွားတဲ့ ထိုင်းတွေကို မြန်မာဘက်က ဖမ်းဆီးခဲ့သလို ထိုင်းရေပိုင်နက်ထဲကျွံဝင်လာတဲ့ မြန်မာငါးဖမ်းလှေသားတွေလည်း ဖမ်းဆီးခံထားရတာတွေ ရှိနေပါတယ်။
ဒါပေမဲ့ သူတို့တွေ လွတ်မြောက်ရေးအတွက် မြန်မာဘက်ကလှုပ်ရှားမှုတွေ မတွေ့ရသလို ဆော်ကျရွန်းချိုင်းငါးဖမ်းလှေနဲ့ ပါသွားတဲ့ မြန်မာ ၂၇ ယောက်ရဲ့ အခြေအနေကိုလည်း မသိရပါဘူး။
မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ ထိုင်းနိုင်ငံသား ၄ ယောက်နဲ့ ဖိလစ်ပိုင်နိုင်ငံသား ၃ ယောက် စုစုပေါင်း ၇ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ စစ်ကောင်စီက မတ် ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Source: MGROnline / Thai PBS