
စစ်မှုထမ်းဖို့အတွက် ငွေကြေးကောက်ခိုင်းတာ တရားဝင်လားလို့ စစ်တပ်ကို မေးခွန်ထုတ်ခဲ့တဲ့ မိတ္ထီလာမြို့က အငြိမ်းစားတပ်ကြပ်ကြီး ဇော်ယုထွန်းကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။
တပ်မြို့လို့ လူသိများတဲ့ မိတ္ထီလာမြို့က ရပ်ကွက်နဲ့ ကျေးရွာတွေမှာ စစ်မှုမထမ်းရရေးအတွက် လူအစားထိုးဖို့ တအိမ်ကို ကျပ် ၄၀,၀၀၀ ကနေ ၅၀,၀၀၀ ကောက်ခံနေတာကို စာရင်းဇယားနဲ့ တွက်ချက်ပြခဲ့တဲ့အတွက် စစ်ကောင်စီက ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“တအိမ်ကို ကျပ် ၄၀,၀၀၀ ကောက်မယ်၊ တရွာမှာ အိမ်ခြေ ၁၀၀ ရှိရင် သိန်း ၄၀ ရမယ်၊ မိတ္ထီလာမှာ ရွာပေါင်း ၃၇၉ ရှိတယ်၊ ဘယ်လောက်ရမလဲ၊ ဒီကိစ္စမှာ ဘယ်အဆင့်တွေပါနေလဲ မသိဘူး၊ ဖော်ထုတ်ရမှာဆိုပြီး တင်တာ၊ နောက်ရက် သူ့အိမ်မှာပဲ လာဖမ်းသွားတာ။”
စစ်ကောင်စီက မေ ၁၅ ရက် နေ့လယ် ၁ နာရီခွဲက အငြိမ်းစားတပ်ကြပ်ကြီး ဇော်ယုထွန်းကို မိတ္ထီလာမြို့နယ် ရန်မျိုးအောင်ရပ်ကွက်က သူနေထိုင်တဲ့အိမ်မှာ ဖမ်းဆီးခဲ့တယ်လို့ မေ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။
ဒီကိစ္စတွေကို မိတ္ထီလာတပ်နယ်နဲ့ မြို့အခြေစိုက် ခမရ ၁၁၃ က လုပ်နေတာကို သိနေတာကြောင့်
ထပ်မံတင်ပြဖို့ လုပ်နေချိန်မှာ အငြိမ်းစားတပ်ကြပ်ကြီး ဇော်ယုထွန်းကို စစ်တပ်က ဖမ်းဆီးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ပြီးခဲ့တဲ့လက ခမရ ၁၁၃ သင်တန်းကျောင်းက စစ်မှုထမ်းတပ်သားသစ်တွေ ထွက်ပြေးတယ်၊ ဇော်ယုထွန်းတို့ ပြည်သူ့စစ်အဖွဲ့က ဖမ်းမိတယ်၊ စစ်ဆေးတော့ ထွက်ပြေးလာတဲ့ သင်တန်းသားက ခမရ ၁၁၃ တပ်က တယောက်ကို သိန်း ၇၀ ယူပြီး ကားနဲ့လိုက်ပို့တယ်လို့ ဖြေတယ်၊ အဲဒီကိစ္စကို အထက်တင်ပြမယ်လုပ်လို့ အဲဒီကတည်းက တပ်နယ်က အငြိုးထားတာ၊ အခုဖမ်းတော့ အကြောင်းပြချက်က စစ်မှုထမ်းကိစ္စကနေ ဒီပဲယင်းကိစ္စတွေမှာ လိုင်းပေါ်တက်ရေးမှာစိုးလို့။”
ဖမ်းဆီးခံရသူ အငြိမ်းစားတပ်ကြပ်ကြီး ဇော်ယုထွန်းမှာ ၂၀၁၀ ပြည့်နှစ်က လေတပ်ကနေ အုပ်ခွဲတပ်ကြပ်ကြီးအဆင့်နဲ့ အငြိမ်းစားယူခဲ့ပြီး ၂၀၁၁ ကနေ ၂၀၂၅ အထိ ပြုလုပ်တဲ့ တပ်ထောက်ခံပွဲတွေမှာ ပါဝင်ခဲ့သူဖြစ်သလို လတ်တလောမှာ မိတ္ထီလာမြို့ ပြည်သူစစ်အဖွဲ့ဝင် တယောက်လည်း ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို စတင်ကျင့်သုံးခဲ့ပြီးနောက် ပြည်နယ်နဲ့ တိုင်းအသီးသီးရှိ မြို့ရွာတွေမှာ စစ်တပ်က ပေါ်တာဆွဲပြီး ငွေကြေးနဲ့ ပြန်ရောင်းတာတွေ၊ အုပ်ချုပ်ရေးအဖွဲ့ကလည်း လူအစားထိုးဖို့အတွက် ငွေကြေးကောက်ခံနေတာ ဒီကနေ့အထိ ဖြစ်ပါတယ်။