
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ပြီး တောင်ပိုင်း ခန်းယူနစ် ဧရိယာမှာ မေ ၁၉ ရက်က တနာရီအတွင်း အကြိမ် ၃၀ ထက်မနည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်က စစ်ခေါင်းဆောင် ဂီဒီယွန်ရဲ့ စစ်ရထား စစ်ဆင်ရေးလို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးအသစ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ဂါဇာကမ်းမြောင်ရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသ တလျှောက် ကျယ်ပြန့်တဲ့ မြေပြင်စစ်ဆင်ရေးတွေကို စလိုက်ပြီလို့ မေ ၁၈ ရက်မှာ ပြောပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း အယောက် ၁၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျန်းမာရေးအရာရှိတွေက မေ ၁၈ ရက်မှာ ပြောပါတယ်။
ဟားမတ်စ်နဲ့ ဆွေးနွေးရာမှာ အစ္စရေးက စစ်ပွဲအဆုံးသတ်ဖို့ အဆိုပြုထားပေမဲ့ တိုးတက်မှုမရှိဘူးလို့ နှစ်ဖက်စလုံးက သတင်းရင်းမြစ်တွေက မေ ၁၈ ရက်မှာ ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဒိုဟာမြို့တော်မှာ နောက်ဆုံးအကြိမ်ကျင်းပတဲ့ သွယ်ဝိုက်ဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံ သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးမှုတွေအပြင် ဟားမတ်စ် စစ်သွေးကြွတွေကို ပြည်နှင်ဒဏ်ပေးရေးနဲ့ နယ်မြေရှင်းလင်း တုံ့ပြန်ရေး၊ စစ်ပွဲအဆုံးသတ်ရေး အဆိုပြုခဲ့ပြီး ဟားမတ်စ်က အရင်က ပယ်ချခဲ့ဖူးတယ်လို့ အစ္စရေး ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
အစ္စရေးရဲ့ ရပ်တည်ချက်က မပြောင်းလဲဘဲ စစ်ပွဲကို အဆုံးသတ်ဖို့ ကတိကဝတ်မရှိဘဲ အကျဉ်းသား ဓားစာခံတွေကို လွှတ်ပေးစေချင်တာလို့ ဟားမတ်စ် တာဝန်ရှိသူတယောက်က ပြောပါတယ်။
စစ်ပွဲအဆုံးသတ်ရေး၊ အစ္စရေးတပ်တွေ ဆုတ်ခွာရေး၊ ဂါဇာကမ်းမြောင်ဒေသအတွက် အကူအညီပေးရေး၊ ပိတ်ဆို့ထားမှု အဆုံးသတ်ရေးနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေ လွှတ်ပေးရေးတို့အတွက် ဟားမတ်စ်က အစ္စရေးဓားစာခံ အားလုံးကို လွှတ်ပေးဖို့ အဆိုပြုခဲ့တယ်လို့ ဟားမတ်စ် တာဝန်ရှိသူက ထပ်လောင်းပြောခဲ့ပါတယ်။
Source: Reuters