
ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ ဥပဒေချိုးဖောက်တဲ့ ထိုင်းနိုင်ငံသား ခံယူခွင့် ရပြီးသူတွေ စုစုပေါင်း ၅၄ ယောက်ကို သန်းခေါင်စာရင်းမှ ပယ်ဖျက်ပြီး မှတ်ပုံတင်ကတ်ပါ အသိမ်းခံရတယ်လို့ ကန်ကျနပူရီ ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ကန်ကျနပူရီခရိုင်တွင်းရှိ ၁၃ မြို့နယ်၊ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ ထိုင်းအမျိုးသားလုံခြုံရေးနဲ့ တည်တံ့ခိုင်မြဲရေးကို ထိပါးစေမယ့် တရားဥပဒေချိုးဖောက်မှုတွေကို အရှိန်မြှင့် အရေးယူ ဆောင်ရွက်ဖို့ ခရိုင်ဝန်က ညွှန်ကြားတာကြောင့် ဆန်ခလပူရီ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အမျိုးသားလုံခြုံရေးကောင်စီနဲ့ တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ မေ ၁၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါဆွေးနွေးမှုကနေ နယ်မြေထဲမှာ ရာဇဝတ်မှုကျူးလွန်ပြီး တရားရုံးကနေ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့၊ ထောင်ဒဏ်အပြစ်ပေးခံထားရတဲ့ ထိုင်းနိုင်ငံမှာ ဝင်ရောက်နေထိုင်ပြီး တောင်ပေါ်သားကတ်၊ ၁၀ နှစ် ယာယီနေထိုင်ခွင့်ကတ်၊ ထိုင်းနိုင်ငံသားအဖြစ် ခံယူခွင့် မှတ်ပုံတင် ကိုင်ဆောင်ထားသူ စုစုပေါင်း ၅၄ ယောက်ကို သန်းခေါင်စာရင်းမှ ပယ်ထုတ်ပြီး မှတ်ပုံတင်ကတ်တွေ ပြန်ရုပ်သိမ်းဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် မတ် ၁၅ ရက်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံသားမှတ်ပုံတင်ဆိုင်ရာ ဥပဒေအရ ဆောင်ရွက်တာလို့ တာဝန်ရှိသူက ပြောပါတယ်။
သန်းခေါင်စာရင်းမှ ပယ်ထုတ်ခံရသူ ၅၄ ယောက်အနက် မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်သူ ၂၇ ယောက်၊ လဝကဥပဒေနဲ့ ငြိစွန်းသူ (တရားမဝင်အလုပ်သမားတွေကို ထိုင်းနိုင်ငံထဲ ခေါ်ဝင်လာမှု) ၂ ယောက်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ချိုးဖောက်သူ ၅ ယောက်၊ တပါးသူ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးစေမှု၊ လက်နက်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်မှု စတဲ့ အထွေထွေအမှုကျူးလွန်သူ အယောက် ၂၀ တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောက်ထပ် ပယ်ထုတ်ရန်သင့်မသင့် စိစစ်နေသူ အယောက် ၂၀၀ ခန့်လည်း ကျန်ရှိနေသေးတယ်လို့ တာဝန်ရှိသူက ပြောကြောင်း သတင်းမှာ ဖော်ပြသွားပါတယ်
Source: Kanchanaburi News