
စာရင်းသေအပ်ငွေ ငွေစာရင်းထဲမှာ အနည်းဆုံး ဘတ်သန်း ၅၀ ကို ၆ လ ထက်မနည်း ထားရှိနိုင်တဲ့ ထိုင်းနိုင်ငံသားတွေကိုပဲ အသစ်တည်ဆောက်မယ့် ကာစီနိုရုံမှာ ဝင်ရောက်ခွင့်ပေးမှာ ဖြစ်တယ်လို့ အစိုးရ သတင်းရင်းမြစ်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။
ကာစီနိုရုံ တည်ဆောက်ခွင့်ပေးတဲ့ ဥပဒေကြမ်း ပုဒ်မ ၆၅ အရ ထိုင်းနိုင်ငံသားတွေ ကစားချင်ရင် ကြိုတင်မှတ်ပုံတင်ရမှာဖြစ်ပြီး ဝင်ကြေးပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဥပဒေကြမ်းကို နိုင်ငံတော်ကောင်စီက စိစစ်နေပြီး မတ် ၁၁ ရက်မှာ ကက်ဘိနက်က ပြန်သုံးသပ်မှာ ဖြစ်ပါတယ်။
ညွန့်ပေါင်းအစိုးရထဲက တချို့ အစိုးရဝန်ကြီးတွေက ဒီလိုပြဋ္ဌာန်းချက်ကို ဆန့်ကျင်လာနိုင်တာကြောင့် အတည်ဖြစ်ဖို့တော့ မသေချာသေးပါဘူး။
ဒါ့အပြင် အဲဒီလို ကက်စီနိုရုံတခုအတွင်းက လောင်းကစားလုပ်တဲ့ လှုပ်ရှားမှုတွေအပေါ် လက်ရှိ လောင်းကစားဥပဒေတွေက သက်ရောက်မှုရှိမှာမဟုတ်ဘဲ ဥပဒေသစ်အတိုင်း သက်ရောက်မှု ရှိမယ်ဆိုတဲ့ အချက်ကို ပုဒ်မ ၅၉ မှာ ထည့်ထားပါတယ်။
ပုဒ်မ ၆၁ နဲ့ ၆၂ အရ အွန်လိုင်းလောင်းကစားကို တားမြစ်ထားသလို အပြင်ကလူတွေပါ ဝင်မကစားနိုင်အောင် ကာစီနိုအတွင်းက ကစားပွဲတွေကို ပြင်ပကို တိုက်ရိုက်မထုတ်လွှင့်ရဘူး ဆိုတဲ့ အချက်လည်း ထည့်ထားပါတယ်။
Source : Reuters