
အိန္ဒိယ-မြန်မာနယ်စပ်၊ မဏိပူပြည်နယ်မှာ အိန္ဒိယစစ်တပ်ရဲ့ အာသံရိုင်ဖယ်တပ်က ပစ်ခတ်တာကြောင့် လက်နက်ကိုင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။
မေ ၁၅ ရက် ကြာသပတေးနေ့မှာ စစ်တပ်ရဲ့ထုတ်ပြန်ချက်အရ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ တပ်ရင်းတခုဟာ အိန္ဒိယ-မြန်မာနယ်စပ်အနီး၊ ချန်ဒယ်ခရိုင်၊ နယူးဆမ်တယ်ကျေးရွာအနီးမှာ လက်နက်ကိုင်အဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုသတင်းရတာကြောင့် ဗုဒ္ဓဟူးနေ့မှာ စစ်ဆင်ရေးတခုကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးအတွင်းမှာ သံသယရှိသူတွေက ပစ်ခတ်ခဲ့ပြီးနောက် စစ်တပ်က ပြန်လည်ပစ်ခတ်ခဲ့လို့ စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အကြီးတန်းလုံခြုံရေးအရာရှိတယောက်က သေဆုံးသွားတဲ့သူ ၁၀ ယောက်ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပုံရပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကိုလည်း မြန်မာအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ မေ ၁၆ ရက်မှာ ပြောပေမဲ့ မြန်မာနိုင်ငံသားတွေ ဟုတ်၊ မဟုတ် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်ကလည်း ဆန်းစစ်ချက်တွေအရ သေဆုံးသွားသူတွေဟာ နယ်စပ်ဖြတ်ကျော် လက်နက်ကိုင်ကိစ္စတွေမှာ ပါဝင်ပတ်သက်သူတွေအဖြစ် လူသိများတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဘယ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာကိုတော့ အိန္ဒိယစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာရော သတင်းမှာရော ဖော်ပြထားတာမရှိပါဘူး။ အိန္ဒိယနယ်စပ်မှာ ခွဲထွက်ရေးသူပုန်တွေလည်း လှုပ်ရှားနေတာဖြစ်သလို မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့နေရာကနေ AK-47 ရိုင်ဖယ် ၇ လက်၊ RPG လောင်ချာ ၁ လက်၊ M4 ရိုင်ဖယ် ၁ လက်နဲ့ တတောင့်ထိုးရိုင်ဖယ် ၄ လက်အပြင် ခဲယမ်းမီးကျောက်နဲ့ စစ်စ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် အခြေအနေကို အထူးစောင့်ကြည့်နေပြီး ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေဟာ အရပ်ဘက်အုပ်ချုပ်ရေးနဲ့ ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ ပူးပေါင်းပြီး အင်အားအပြည့်အဝ တပ်ဖြန့်ထားတယ်လို့လည်း အိန္ဒိယစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source: The Indian Express