
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ မေ ၁၃ ရက် မနက် ၁၀ နာရီဝန်းကျင်က နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တယောက် ပစ်ခတ်ခံရပြီး ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၂ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက မေ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ ပြန်ကြားရေးတာဝန်ခံက “အလယ်ကုန်းရွာ နယ်မြေရဲစခန်းမှာ တာဝန်ကျနေတဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တယောက်ကို ကြို့ပင်ကောက်နဲ့ အလယ်ကုန်းရွာ အနောက်ဘက် လမ်းပိုင်းပေါ်မှာ ကြို့ပင်ကောက်မြို့ကို အသွား ဆိုင်ကယ်မောင်းနေရင်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ လမ်းပေါ်မှာပစ်တော့ သူ့ကို မထိဘူး။ အဲဒီကောင်က ကြောက်အားလန့်အားနဲ့ အဲဒီနားကအိမ်ထဲ ဝင်ပြေးသွားတာကို နောက်က လိုက်ပစ်တာ။ ခေါင်းမှန်ပြီး သေရော” လို့ ပြောပါတယ်။
အဆိုပါ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဟာ အလယ်ကုန်းကျေးရွာ နယ်မြေရဲစခန်းမှာ တာဝန်ကျနေတဲ့ အသက် ၃၀ ကျော်အရွယ် မာန်ဟိန်း ဖြစ်ပါတယ်။
မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ စစ်ရေးတာဝန်ခံ ဗိုလ်တောက်တဲ့က “မာန်ဟိန်း ဆိုတဲ့ရဲက အသက်ငယ်ပြီး ရာထူးကလည်း ဒုရဲအုပ်အဆင့် ဆိုတော့ နာမည်နဲ့လိုက်အောင် မာန်တက်နေတာ။ ပြီးခဲ့တဲ့နှစ်ပိုင်းက ကြို့ပင်ကောက် ဘောလုံးကွင်းနားက ဂိတ်မှာ သူရှိနေတဲ့အချိန် ဆိုင်ကယ်စီးလာတဲ့ ပြည်သူ ၂ ယောက်ကို ရပ်မပေးလို့ဆိုပြီး ပစ်သတ်ခဲ့ဖူးတယ်။ အဲဒီနောက် အခု အလယ်ကုန်းနယ်မြေရဲစခန်းမှာ တာဝန်ကျတော့လည်း သူ့နယ်မြေ အပိုင်ထဲမှာရှိတဲ့ လူငယ်တွေကို ပေါ်တာဆွဲတဲ့အခါမှာလည်း စစ်တပ်နဲ့ပေါင်းပြီး သူက ဦးဆောင်တယ်။ ပေါ်တာဆွဲခံရသူတွေဆီကနေလည်း မတော်မတရား ငွေကြေးတောင်းခံတာတွေ လုပ်ခဲ့လို့ အခုမစ်ရှင်ဆောင်ရွက်ဖို့ တလလောက် အချိန်ယူလိုက်ရတယ်ဗျ” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မာန်ဟိန်း ဆီကနေ ဆိုင်ကယ်တစီး၊ G3 ကျည် ၁၂ တောင့်၊ ဖုန်းစကားပြောစက်တလုံးနဲ့ ငွေ ၆၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အမျိုးမျိုးဒုက္ခပေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ် ဒေါက်တိုင်တွေကို အရှိန်မြှင့်တင် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ သူတို့နဲ့ နီးနီးကပ်ကပ် မနေကြဖို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ထုတ်ပြန်ထား ပါတယ်။
နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မာန်ဟိန်းရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်သယ်ဆောင်သွားကြပြီး ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ DVB က ကြို့ပင်ကောက် မြို့မရဲစခန်းကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။