
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းကျေးရွာ နယ်မြေရဲစခန်းက ရဲတပ်သား ဖြိုးပြည့်စုံဇော်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်သတ်သွားပြီး သူကိုင်ဆောင်တဲ့ ဘီအေ-၆၃ မောင်းပြန်ရိုင်ဖယ်သေနတ်နဲ့ ကျည်တွေကိုပါ ယူဆောင်သွားတယ်လို့ အဆိုပါရဲစခန်းနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မေ ၁၃ ရက် မနက် ၁၀ နာရီကျော်မှာ အလယ်ကုန်းနယ်မြေရဲစခန်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပြီး မုန့်ထွက်စားချိန်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး နေရာမှာပဲ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တယောက်က “ရဲစခန်းသန့်ရှင်းရေး ဝိုင်းလုပ်အပြီး ဗိုက်ဆာလို့ မုန့်ထွက်ဝယ်စားတဲ့အချိန်မှာ သေနတ်နဲ့ ပစ်ခံရတာ။ ရဲစခန်း အနောက်ဘက် တဖာလုံအကျော်က အသုပ်ဆိုင်မှာ ပစ်ခံရတာ။ ပစ်တဲ့သူတွေက သူ့ရဲ့ သေနတ်ကျည်တွေနဲ့ ဘေးလွယ်အိတ်ပါ ယူသွားတယ်။ အရပ်ဝတ်နဲ့ မုန့်သွားစားတာတောင် အပစ်ခံရတာ။ ယူနီဖောင်းနဲ့ဆို မလွယ်ဘူး။ ရဲတပ်ဖွဲ့ဝင်တွေက မလုံခြုံတော့ဘူး။ အထက်က ရဲအရာရှိကြီးတွေကလည်း ကိုယ်ကျိုးစီးပွားပဲ လုပ်နေကြတာ။ တပ်ဖွဲ့ဝင်တွေကို ပစ်ထားကြတယ်။ စစ်တပ်နဲ့ပေါင်းပြီး ပြည်သူကို ဒုက္ခပေးဖို့နဲ့ ပိုက်ဆံရဖို့ပဲ လုပ်နေကြပြီး ကြို့ပင်ကောက်မြို့နယ်ထဲက ခရိုင်ရဲမှူးကြီး ဒုရဲမှူးစိုးခိုင် ဆိုရင် စစ်တပ်နဲ့ပေါင်းပြီး လုပ်စားနေတာ” လို့ ပြောပါတယ်။
ရဲတပ်သား ဖြိုးပြည့်စုံ သေနတ်နဲ့ ပစ်သတ်ခံရအပြီးမှာ အုတ်ဖိုမြို့၊ ဝိုင်းကျေးရွာတွေဘက်အထိ စစ်ကောင်စီတပ်ဖွဲ့က ဒရုန်း ၂ စီးအပါအဝင် စစ်ကြောင်းထိုး ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဒီကနေ့အထိ သေနတ်ပစ်ခတ်သူတွေကို မမိခဲ့ဘူးလို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။