
ငလျင်ဘေးအတွက် စစ်တပ်ကသာ အစစအရာရာ ကူညီနေရတာကြောင့် အလှူရှင်တွေအနေနဲ့ စစ်တပ်ကိုသာ တိုက်ရိုက်လှူဒါန်းဖို့ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်က ပြောပါတယ်။
မန္တလေးကို ဧပြီ ၂၆ ရက်က စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် ရောက်ရှိလာပြီး တိုင်းအစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မြို့မိမြို့ဖတွေ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“မယုံတာလည်း မပြောနဲ့၊ ငလျင်ဘေးအတွက် ၄ ပြည် ဆန်အိတ်တွေကို လှူတာ၊ စစ်တပ် လက်ရောက်သွားတော့ နို့ဆီဘူး ၄ လုံး အိတ်လေးတွေဖြစ်သွားတယ်။ မြန်တယ်၊ မျက်လှည့်ပြသလိုပဲ ကိုယ်တွေ့ကြုံရတာ။ အဲဒီနောက်ပိုင်း အလှူရှင်တွေက ကိုယ်တိုင်ပဲ သွားလှူတော့တယ်၊ ဒါကို စစ်တပ်က မကြိုက်ဘူး။”
မန္တလေးတိုင်းမှာ ငလျင်ကြောင့် သေဆုံးသူနဲ့ ထိခိုက်ပျက်စီးမှုများသလို အလှူငွေလည်း အများအပြား ရတဲ့အတွက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်အပြင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်ကို စစ်ခေါင်းဆောင်က ထပ်မံတာဝန်ပေးခဲ့တယ်လို့ လပခ နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်တို့ နှစ်ယောက်မှာ အလှူငွေ ပိုမိုရရှိရေးအတွက် ကြိုးစားနေခြင်းမှာ စစ်ခေါင်းဆောင်ကို မျက်နှာလုပ်ချင်တာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
ငလျင်ဘေးအတွက် ရှမ်းတောင်မှာ ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး၊ စစ်ကိုင်းမှာ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ပဲခူးမှာ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နဲ့ မန္တလေးမှာ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် တို့ကို စစ်ခေါင်းဆောင်က တာဝန်ပေးထားပါ။