
အင်းလေးဒေသမှာ မိုးရွာပြီး လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် ငလျင်ဘေးသင့်ပြည်သူတွေ နေထိုင်တဲ့ ယာယီတဲတွေ ပျက်စီးခဲ့လို့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ငလျင်ဒဏ်သင့်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသမှာ လေပြင်းတိုက်ပြီး မိုးကြီးခဲ့တာကြောင့် ယာယီတဲတွေ အမိုးလန် ပျက်စီးခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူတွေ အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းလေးဒေသမှာ ဧပြီ ၂၇ ရက် နေ့လယ် ၁ နာရီလောက်ကစကာ မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်ခဲ့တာပါ။
မိုးရွာသွန်းမှုကြောင့် ယာယီတဲတွေ အမိုးလန်ကာ လွင့်ထွက်ခဲ့သလို ပြည်သူတွေရဲ့ ပစ္စည်းတွေလည်း ရေစိုပျက်စီးကုန်တယ်လို့ သိရပါတယ်။
အင်းလေးဒေသခံတယောက်က “မိုးကတော်တော်ကြီးရွာတယ်၊ မနေ့ညတုန်းကဆို ကျနော်တို့ဘက်မှာ ၁၂ နာရီခွဲ တနာရီ ဝန်းကျင်ပေါ့၊ မနေ့ကလေ ဝါးလုံးတွေနဲ့ မိုးကာတွေနဲ့ပေါ့လေ။ ယာယီတဲဆိုတော့ ဒါပေမဲ့ တချို့တွေကတော့ ရွက်ဖျင်တဲပုံစံမျိုးပေါ့။ အဲ့လိုမျိုးတွေနဲ့ နေကြရတယ်။ ရေတွင်းတွေဘာတွေတော့ လောလောဆယ် ပျက်စီးသွားတာမျိုး မရှိဘူးပေါ့။ သောက်သုံးရေကတော့ ရပါတယ်၊ လောလောဆယ်ကတော့ ပြည်သူတွေ ထောက်ပံ့ပေးတာနဲ့တော့ အဆင်ပြေပါသေးတယ်” လို့ ပြောပါတယ်။
ငလျင်ကြောင့် အင်းလေးဒေသက နန်းပန်၊ ကြာတော၊ ဟဲယာ၊ ကေလာ၊ ဇရပ်ကြီး စတဲ့ ကျေးရွာတွေမှာ ထိခိုက်သေဆုံးမှုတွေများခဲ့သလို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလည်း မလုပ်ဆောင်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်နေတဲ့ အတွက် အင်းလေးဒေသက ပြည်သူတွေမှာလည်း ထိတ်လန့်မှုနဲ့ မလုံခြုံမှုတွေ ခံစားနေကြရတယ်လို့ ဆိုပါတယ်။
အင်းလေးဒေသခံတယောက်က “အကုန်လုံးကတော့ ကြောက်နေကြတာပေါ့နော်။ တခုပြီးတခု ကြုံနေရတော့လေ၊ အချိန်အခါမဟုတ် မိုးနဲ့လေနဲ့ ဖြစ်လာတော့ ပိုဆိုးတာကတော့ ငလျင်ဒဏ်သင့်ပြီး အိမ်မရှိတဲ့ လူတွေအတွက်ကတော့ အခြေအနေအဆိုးဆုံးပေါ့။ ယာယီတဲလေးတွေနဲ့ ကျွန်းမျောပေါ်မှာတို့ ကုန်းပေါ်မှာတို့ ဖို့ပြီးတာ့ နေနေကြတော့ မိုးရွာလာတော့ အဆင်မပြေဘူးဗျ၊ နေရာထိုင်ခင်းကအစ အောက်ကနေပြီး ထိုးတက်လာတဲ့အချိန်မှာ နေဖို့ထိုင်ဖို့ မရှိတာတွေ ကြုံရတယ်ဗျ။ လေကလည်း တော်တော် ကြမ်းကြမ်းတိုက်လာတော့ မိုးကာနဲ့ဆို တခါတည်း လွင့်ထွက်ကုန်တာတွေရှိတယ်။ သူတို့အတွက် အခက်အခဲကတော့ အရမ်းများနေတယ်။ တခုပြီးတခု ဆက်နေသလို ဖြစ်နေမယ်၊ အကောင်းဆုံးကတော့ လက်ရှိမှာ သူတို့အတွက် နေစရာအိမ်တလုံးရရှိသွားရင်တော့ အဆင်ပြေသွားနိုင်မယ်လို့ထင်မိတယ်ဗျ။”
ငလျင်ကြောင့် အင်းလေးဒေသက ကျေးရွာ ၂၅ ရွာမှာ လူဦးရေ ၁၀၀ နီးပါး သေဆုံးပြီး လူဦးရေ ၂၀၀၀၀၀ နီးပါး ငလျင်ဘေးဒဏ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပြီး အဆောက်အုံ ၃၃၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းရုံး(PYO)က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
သီရိ