
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ငလျင်သဘာဝဘေးကို အကြောင်းပြုပြီး ပြည်တွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့ တိုက်တွန်းနေတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း “စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် ထားတဲ့ သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ကြဖို့ လိုတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြည်သူတွေရဲ့ အဓိကလိုအပ်ချက်ကို လျစ်လျူမရှုဖို့ လိုတယ်လို့ ဧပြီ ၂၂ ရက်က ပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။
NUG အနေနဲ့ စစ်ကိုင်းငလျင်လှုပ်ခတ်ပြီး မကြာခင်မှာပဲ ခုခံစစ်တွေရပ်ဖို့ ပထမဆုံး ကြေညာခဲ့တာလို့လည်း ဆိုပါတယ်။
အလားတူ စစ်ကောင်စီတပ် အနေနဲ့လည်း မြန်မာနိုင်ငံမှာ မည်သည့်စစ်အုပ်ချုပ်ရေးနဲ့မဆို တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူးဆိုတာ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်က သက်သေပြနေတာကို ပြန်သုံးသပ်သင့်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက ငလျင်ကြောင့် ထုတ်ပြန်ထားတဲ့ ယာယီအပစ်ရပ်ကာလကို တပတ်သက်တမ်းတိုးထားသလို တဖက်မှာလည်း အပစ်ရပ်ကာလတလျှောက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။