Home
နိုင်ငံတကာ
အမေရိကန် ထပ်ဆောင်းခွန်ကို ရှောင်ရန် တရုတ်က ကိုရီးယားထုတ်ပစ္စည်းအဖြစ် အသွင်ပြောင်း 
DVB
·
April 23, 2025
Photo: REUTERS/Kim Hong-Ji

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စည်းကြပ်ခွန် ကောက်ခံမှုကို ရှောင်ဖို့ တရုတ်နိုင်ငံက အဓိကဖြစ်တဲ့ နိုင်ငံခြားထုတ်ကုန်တွေကို ကိုရီးယားပို့ကုန်တွေအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားတာတွေ တိုးလာတာကို တွေ့ခဲ့တယ်လို့ တောင်ကိုရီးယား အကောက်ခွန်အေဂျင်စီက ဧပြီ ၂၁ ရက်မှာ ပြောပါတယ်။

ဒီနှစ်ရဲ့ ပထမ ၃ လအတွင်း မူလနိုင်ငံနဲ့ပတ်သက်တဲ့ ချိုးဖောက်ထားတဲ့ စုစုပေါင်း ကိုရီးယား ဝမ် ၂၉ ဒသမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၈၁ သန်း) တန်ဖိုးရှိတဲ့ ထုတ်ကုန်တွေကို အမေရိကန်ဆီ သင်္ဘောနဲ့ တင်ပို့မယ့် ကုန်စည်တွေထဲမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါဟာ တင်ပို့မှု စုစုပေါင်းရဲ့ ၉၇ ရာခိုင်နှုန်း ရှိနေတာကို ကိုရီးယားအကောက်ခွန်ဝန်ဆောင်မှု (KCS) က အရင်လက အထူးစုံစမ်းစစ်ဆေးပြီးတဲ့နောက် တွေ့ရှိခဲ့တယ်လို့ KCS က ပြောခဲ့ပါတယ်။

ဒီပမာဏဟာ ၃ လအတွင်း တွေ့ရှိမှုဖြစ်ပြီး ၂၀၂၄ တနှစ်လုံးမှာ ဝမ် ၃၄ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိတဲ့ ချိုးဖောက်မှုတွေနဲ့ နှိုင်းယှဉ်လို့ ရနေပြီး အမေရိကန်ဆီ တင်ပို့မှုက တင်ပို့မှု စုစုပေါင်းရဲ့ ၆၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ဇန်နဝါရီမှာ သမ္မတရာထူးကို စပြီး တာဝန်ယူခဲ့တဲ့ ထရမ့်ပ်ဟာ ဖေဖော်ဝါရီလကစပြီး တရုတ်နိုင်ငံ အပါအဝင် နိုင်ငံအသီးသီးအပေါ် အမေရိကန်ဆီ တင်ပို့ကုန်တွေနဲ့ ပတ်သက်ပြီး သိသိသာသာ အခွန်ကောက်ခံခဲ့ပါတယ်။

KCS က စုံစမ်းစစ်ဆေးရေးအစီအစဉ် ဒါရိုက်တာ လီကွမ်ဝူးက “တောင်ကိုရီးယားထက် အခွန်ပိုမြင့်တဲ့ နိုင်ငံတွေက တောင်ကိုရီးယားနိုင်ငံကိုဖြတ်ပြီး တင်ပို့မှုလမ်းကြောင်း ပြန်ပြောင်းဖို့ လုံလောက်တဲ့ မက်လုံးတွေ ရှိနိုင်တဲ့ အလားအလာရှိတဲ့ ကိစ္စတွေကို တားဆီးကာကွယ်မှုတွေ ပိုအားဖြည့်ဖို့ ကျနော်တို့ စီစဉ်နေပါတယ်” လို့ ပြောခဲ့ပါတယ်။

တောင်ကိုရီးယားဟာ ပထဝီဝင်အနေအထားအရ တရုတ်နိုင်ငံနဲ့ နီးလို့ တရုတ်ကုန်ပစ္စည်းတွေက တောင်ကိုရီယားကိုဖြတ်ပြီး ရုပ်ဖျက်တင်ပို့ဖို့ ကြိုးပမ်းတဲ့ အမှုအခင်း အများကြီးရှိမယ်ဆိုတာ ယုံတယ်လို့ လီက ပြောပါတယ်။

KCS က ကုန်ပစ္စည်းတွေ တရားမဝင် တင်ပို့ဖို့ ကြိုးပမ်းမှုတွေကို တားဆီးရေး အထူးလုပ်ငန်းအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ပြည်တွင်းကုမ္ပဏီတွေကို ကာကွယ်ဖို့ ပိုတိကျတဲ့ တုံ့ပြန်ဆောင်ရွက်ချက်တွေ လုပ်ဖို့ စီစဉ်နေပါတယ်။ တချိန်တည်းမှာ တွေ့ရှိရတဲ့ ချိုးဖောက်မှုတွေကို အစိုးရရှေ့နေဆီ လွှဲပြောင်းပေးမှာလည်း ဖြစ်ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024