
ရှမ်းပြည်နယ်နဲ့ ကရင်နီပြည် နယ်စပ်မှာရှိတဲ့ မိုးဗြဲ ရှေ့ကင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကယန်းအမျိုးသားတပ်မတော် (KNA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကာ သေနတ် ၂ လက်လည်း သိမ်းဆည်းရမိတယ်လို့ KNA က ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဧပြီ ၁၈ ရက်မှာ အင်အား ၃၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှုဖြစ်ပြီး MA 1 သေနတ် ၂ လက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရမိကာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးပြီး အထိနာတာကြောင့် ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
KNA ပြန်ကြားရေးတာဝန်ခံက “သူတို့တွေရဲ့ ရှေ့ထွက်ကင်းဆိုတာ ရှိတယ်ပေါ့နော်။ ဟိုနားတစု ဒီနားတစုနဲ့ ရှေ့မှာ ချထားတာတွေရှိတယ်။ သူတို့က စစ်ကြောင်းထိုးတဲ့အချိန်မှာ ထိတွေ့မှု ဖြစ်တဲ့ အနေအထားပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ထိုးစစ်ဆင်နေပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။
“နေ့စဥ်နဲ့အမျှ အနည်းနဲ့အများကတော့ ထိတွေ့မှု ဖြစ်နေတာပေါ့နော်။ ကျနော်တို့ အင်အားစုတွေ အသီးသီး တာဝန်ယူထားတဲ့ နေရာမှာတော့ တာဝန်ကိုယ်စီနဲ့ တာဝန်ကျေကျေ အမြဲတမ်း ရှိနေတာပေါ့။”
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုကို တော်လှန်ရေးအင်အားစုတွေက ခုခံတိုက်ခိုက်နေပြီး စစ်ကောင်စီတပ် အထိနာတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေအပြင် မီးလောင်ဗုံးနဲ့ နေအိမ်တွေထဲကို ဗုံးကြဲတာတွေကိုလည်း ပြုလုပ်နေပါတယ်။