
မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်ကြောင့် ရေပေးရေးစနစ်တွေ ပျက်စီးကုန်ပြီး အိမ်သာအလုံးရေ ၄၂,၀၀၀ ကျော် ပြိုကျခဲ့ရတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် လျှပ်စစ်မီးမမှန်တာကြောင့် ရေတင်ဖို့လည်း အခက်အခဲရှိနေကြသလို အခြေအနေတွေ ပိုဆိုးမလာခင် ငလျင်ဘေးဒဏ်ခံရတဲ့ ထိခိုက်လွယ်သူဦးရေ ၁ သန်းကို ဘေးကင်းတဲ့ရေ၊ အရေးပေါ် အိမ်သာနဲ့ တကိုယ်ရေသန့်ရှင်းရေးအကူအညီတွေပေးသွားဖို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
ငလျင်ဘေးသင့်အပြီး မြန်မာနိုင်ငံမှာတော့ လူဦးရေ ၄ ဒသမ ၃ သန်းကျော်ဟာ သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးအကူအညီတွေ အရေးပေါ်လိုအပ်နေတာဖြစ်ပြီး ဒါဟာ ဘေး အန္တရာယ်မကျရောက်ခင်က ၁ ဒသမ ၁ သန်းကနေ မြင့်တက်လာတာလို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မတ် ၂၈ ရက်က စစ်ကိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒ သမ ၇ ရစ်ချ်တာစကေးအဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၁၇ သန်းကျော် နေထိုင်ရာ ဒေသတွေက နေအိမ်အဆောက်အအုံ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့တာပါ။
လူပေါင်း ၉ ဒသမ ၁ သန်းကျော် မှီခိုနေထိုင်တဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသတွေကတော့ ငလျင်ဒဏ် အဆိုးရွားဆုံး ထိခိုက်ခံရတဲ့ ဒေသတွေဖြစ်ပြီး အဲဒီထဲက လူပေါင်း ၆ ဒသမ ၃ သန်းက အရေးပေါ်အကူအညီနဲ့ အကာအကွယ်တွေ လိုအပ်နေတယ်လို့ ခန့်မှန်းရသလို အကူအညီလိုအပ်နေသူဦးရေဟာ ငလျင်ကြောင့် ၂ သန်းလောက် တိုးလာခဲ့တယ်လို့ (UN OCHA) က ဆိုပါတယ်။
ဒါ့အပြင် ရာနဲ့ချီတဲ့ နောက်ဆက်တွဲငလျင်တွေကြောင့်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ ပိုပြီးတော့ များပြားလာခဲ့သလို သဘာဝဘေးအန္တရာယ် မဖြစ်ခင်ကတည်းက ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ ရာသီဥတုဘေးအန္တရာယ်တွေ၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့ စီးပွားရေးအခက်အခဲတွေကြောင့်လည်း ခန့်မှန်း လူဦးရေ ၁၉ ဒ သမ ၉ သန်းလောက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေးဌာနရဲ့ ပဏာမအချက်အလက်တွေအရ ငလျင်ကြောင့် နေအိမ် ၄၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး နောက်ဆက်တွဲငလျင်တွေ ဆက်လက်လှုပ်ခတ်သွားကာ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ လူမှုအသိုင်းအဝိုင်းတွေကြားမှာလည်း ထပ်မံပျက်စီးစေနိုင်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။