
နေပြည်တော်မှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဝန်ထမ်းအိမ်ရာတွေကို စစ်ဆေးရာမှာ တထပ်နဲ့ ၂ ထပ် ဆောင်တွေကလွဲလို့ ကျန်အဆောက်အအုံအားလုံးနီးပါး လူနေလို့ မသင့်အောင် ပျက်စီးသွားတယ်လို့ ကွင်းဆင်းစစ်ဆေးတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
နေပြည်တော် ပညာသိဒ္ဓိရပ်ကွက်မှာရှိတဲ့ ဝန်ထမ်းအိမ်ရာမှာ တိုက် ၆ လုံးက အလတ်စားပြုပြင်လို့ရပြီး ကျန်တဲ့ အလုံး ၁၅၀ က လူနေထိုင်ဖို့ မသင့်တော့ဘူးလို့ ဆိုပါတယ်။
ဝဏ္ဏသိဒ္ဓိရပ်ကွက် ဝန်ထမ်းအိမ်ရာမှာလည်း တိုက် ၁၄ လုံးကလွဲပြီး ကျန်တဲ့တိုက်တွေဟာ အလတ်စားပြုပြင်ဖို့လိုတဲ့အဆင့်နဲ့ လူနေဖို့မသင့်ဘူးလို့ သတ်မှတ်ထားတာတွေ့ရပါတယ်။
ဒီထဲမှာ ကာကွယ်ရေးဌာနဝန်ထမ်းတွေ နေထိုင်တဲ့ အိမ်ရာကိုတော့ မှတ်ချက်တစုံတရာ ပေးထားတာ မတွေ့ရပါဘူး။
နေပြည်တော်မှာ တာဝန်ကျခဲ့တဲ့ CDM အရာရှိကြီးတယောက်က “နေပြည်တော်အိမ်ရာတွေကို QC pass ပေးခဲ့တာ စစ်အင်ဂျင်နီယာလို့ပဲ သိထားပါတယ်” လို့ ပြောပါတယ်။
ဉာဏသိဒ္ဓိရပ်ကွက်မှာတော့ တိုက် ၂၅ လုံး ပြိုကျပျက်စီးပြီး ကျန်တဲ့ ၁၂၀ ကျော်ဟာလည်း နေဖို့မသင့်တာနဲ့ တော်တော်များများကိုလည်း ပြန်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
လွှတ်တော်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ထမ်းအိမ်ရာတွေရှိတဲ့ မင်္ဂလာသိဒ္ဓိရပ်ကွက်မှာတော့ လတ်တလောလူနေထိုင်လို့ရတာ တလုံးမှ မတွေ့ရပါဘူး။
ဒုဝန်ကြီးအိမ်ရာတွေမှာတော့ အိမ် ၅ လုံးကလွဲလို့ ကျန်တဲ့အိမ်တွေက နေထိုင်လို့ရကြောင်း မှတ်ချက်ပြုထားသလို လူပျို အပျိုဆောင်တွေမှာတော့ လူနေထိုင်ဖို့မသင့်တဲ့ တိုက် ၁ လုံး၊ အလတ်စားပြုပြင်ဖို့လိုတာ ၂ လုံးရှိပါတယ်။
အိမ်ရာတခုမှာနေထိုင်တဲ့ နေပြည်တော်ဒေသခံတယောက်က “ဝန်ထမ်းအိမ်ရာအများစုက ၄ ထပ်တွေ၊ လူပျို၊ အပျိုဆောင်တွေက ၂ ထပ်၊ ညွှန်ချုပ်တွေက တထပ်လုံးချင်း။ အဲဝန်ထမ်းအိမ်ရာမပြောနဲ့၊ ခု ကျနော်တို့နေရာမှာတောင် နေရဲတဲ့သူမရှိတော့လို့ ခြောက်ကပ်သွားတာပဲ။ ကျနော်တို့လို ပြေးစရာမြေမရှိသူတွေလောက်ပဲ ကျန်တော့တာ” လို့ ပြောပါတယ်။
အင်အားပြင်းစစ်ကိုင်းငလျင်ကြီးကြောင့် နေအိမ် အဆောက်အအုံ ၆၅,၀၉၆ လုံး၊ စာသင်ကျောင်း ၂,၅၁၄ ကျောင်း၊ ဆေးရုံဆေးခန်း ၃၅၀ ခု၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်လမ်းပိုင်း ၂၀၃ ခု၊ ဆည်နဲ့တမံ ၅၈၆၊ တံတား ၁၇၀ စင်းတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။