Home
မြန်မာသတင်း
ဘီးလင်းတွင် စစ်တပ်က ဘုန်းကြီးကျောင်းကို ဗုံးကြဲ၊ ကိုရင် ၁ ပါး အပါအဝင် ၃ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ
DVB
·
April 21, 2025
Photo - KNU
Photo - KNU
Photo - KNU
Photo - KNU
Photo - KNU

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင်တပါး အပါအဝင် ၃ ယောက် သေဆုံးခဲ့ပြီး ၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုထံက သိရပါတယ်။

ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက် မနက် ၁၁ နာရီ ဝန်းကျင်ခန့်မှာ ဘုန်းကြီးတွေ ဆွမ်း‌ဘုဉ်းပေးနေချိန် စစ်ကောင်စီတပ်က တိုက်လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံးတလုံး ကြဲချခဲ့မှုကြောင့် ဆွမ်းစားကျောင်းဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ KNU နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“အဲဒီနေ့က လာကြဲသွားတာ သံဃာတော်တွေ နေ့ဆွမ်းဘုဉ်းပေးနေတဲ့ အချိန်ပါ။ ရွာထဲက ဆွမ်းလာကပ်တဲ့ အမျိုးသမီး ၂ ယောက်နဲ့ ကိုရင်လေးတပါးကတော့ ပွဲချင်းပြီးသေဆုံးတယ်။ ဦးပဉ္စင်း ၂ ပါး၊ ကိုရင်ကြီးတပါးနဲ့ ရွာသား ၆ ယောက်ကတော့ ဗုံးစထိမှန်ဒဏ်ရာတွေ ရတာပေါ့။”

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆွမ်းကပ်လှူနေတဲ့ ကျောင်းဒါယိကာမဖြစ်သူ အသက် ၆၅ နှစ်အရွယ် နော်လှမြင့်၊ အသက် ၆၀ အရွယ် နော်မဝဲနဲ့ အသက် ၁၀ နှစ်အရွယ် ကိုရင် ရှင်‌ကေလာသ တို့ဟာ နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နော်မုကို့ အသက် ၂၆ နှစ်၊ စောမောင်ရွှေ အသက် ၇၀ နှစ်၊ စောဂွတို အသက် ၆၂ နှစ်၊ နော်မမိုး အသက် ၂၇ နှစ်၊ စောမောင်နူ အသက် ၂၈၊ စောကျော်ကေ့ အသက် ၄၄ နှစ်၊ ဦးပဥ္စင်း ဦးဥတ္တရ ဝါတော် ၅ ဝါ၊  ဦးပဥ္စင်း  ဦးကိတ္တိ ဝါတော် ၂ ဝါ၊ ကိုရင်ကြီးရှင်မာနိတ ဝါတော် တဝါတို့လည်း ဗုံးစထိမှန်ဒဏ်ရာရရှိကာ ဆွမ်းစားကျောင်းဓမ္မာရုံနဲ့ ဘုန်းကြီးကျောင်း စောင်းတန်းလည်း ပျက်စီးသွားပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲခဲ့တဲ့ မင်းစောကျေးရွာဟာ KNU သထုံခရိုင်ရဲ့ အုပ်ချုပ်နယ်မြေဖြစ်ပြီး ပြီးခဲ့တဲ့နှစ် မတ်လတုန်းကလည်း မင်းစောကျေးရွာရှိ အလယ်တန်းကျောင်း ဗုံးကြဲခံရတာကြောင့် ကျောင်းဆောင်အဆောက်အအုံတွေ ထိမှန်ပျက်စီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024