မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ နေပြည်တော်၊ သာဝတ္ထိမြို့နယ်တွင်းက သာယာအေးကျေးရွာကို အလှူရှင်တွေ အရောက်နည်းတဲ့အပြင် ယာယီနေထိုင်ရေးမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သာဝတ္ထိမြို့နယ်အတွင်းက စစ်တောင်းမြစ် ကမ်းနံဘေးက သာယာအေးကျေးရွာမှာ နေအိမ်၊ အဆောက်အအုံ ၃၂ လုံး ထိခိုက်ပျက်စီးပြီး နေအိမ် ၈ လုံးပြိုကျပျက်စီးခဲ့ကာ ဒဏ်ရာရသူ တယောက်ရှိခဲ့ပါတယ်။
စက်မှုနှင့် အနုပညာရပ်များမှ ဇော်မျိုးဦးက “ငလျင်ကြောင်းက စစ်တောင်းမြစ်ကမ်းတလျှောက် ကွဲအက်လာပြီး အိမ်ခြေ ၈၀ လောက်ရှိတဲ့ ရွာကို တိုက်ရိုက်ထက်ခြမ်းခွဲသလို ငလျင်ကြောင်းပေါ်ရှိတဲ့ အိမ်တွေက အကုန်ပြိုကျကုန်တယ်။ မြေဥ ၃ ပေကျွံတဲ့နေရာရှိတယ်။ ၂ပေကျွံတဲ့ နေရာရှိတယ်။ ငလျင်ဒဏ်ဘက်ခြမ်း မြစ်ဘက်ခြမ်းက နိမ့်သွားပြီး ဒီဘက်က အခြမ်းက ကုန်းပေါ်ကျန်နေခဲ့တာ။ ငလျင်လှုပ်တဲ့အချိန်မှာ မြစ်ထဲကရေတွေက ငလျင်ကြောအတိုင်း မြစ်ထဲက ရေတွေကော သဲတွေကောထွက်လာတယ်”လို့ ပြောပါတယ်။
ငလျင်ဒဏ်သင့်ခဲ့တာကြောင့် ယာယီရွှေ့ပြောင်းနေတဲ့နေရာဟာလည်း စစ်တောင်းမြစ်ကမ်းဘေး ဖြစ်တာ ကြောင့် စိတ်မချရသေးဘူးလို့ နယ်ခံဘုန်းကြီးတပါးက မိန့်ပါတယ်။
သာယာအေးကျေးရွာမှာ သီတင်းသုံးတဲ့ ဦးပဥ္စင်းတပါးက “အခုဟာက အိမ်တွေက ပြိုသွားတယ်။ အိမ်တွေပြိုသွားတော့ ဦးပဥ္စင်းတို့ဆီမှာ မြေပပ်ကြားကွဲတွေဖြစ်သွားတော့ အဆောက်အအုံတွေပေါ် မနေရဲတော့ဘူး။ တချို့ကလည်း တဲလေးတွေ ထိုးပြီးတော့နေတယ်။ တချို့ကလည်း အဆောက်အဦလေးတွေကို မြေစိုက်ပြီးတော့ နေကြတယ်။ အခက်အခဲက ရွှေ့ပြောင်းတွေပေါ့။ ခက်ခဲတာပေါ့။ စစ်တောင်းမြစ်နားဆိုတော့ စိတ်မချရတာပေါ့”လို့ ပြောပါတယ်။
ငလျင်ဒဏ်သင့်ခဲ့တဲ့ ဒေသခံပြည်သူတွေဟာ ရိုးသားပြီး အင်တာနက်လိုင်း မသုံးတတ်တာကြောင့် အလှူရှင်အရောက်နည်းနေတဲ့အပေါ် အလှူရှင်တွေအနေနဲ့ သွားရောက်လှူဒါန်းစေချင်တယ်လို့ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့သူတွေက တိုက်တွန်းထားပါတယ်။
စက်မှုနှင့် အနုပညာရပ်များမှ ဇော်မျိုးဦးက “ဒီရွာလေးက လိုင်းလည်း မသုံးတတ်ဘူး။ ရွာက တော်တော်လေးရိုးတယ်။ လိုင်းမသုံးတတ်တော့ မသိဘူး။ ဖြစ်တာက တကယ်ဖြစ်နေတာ။ တော်တော်တော့ ဆိုးတယ်။ လူအရောက်အပေါက်ကနည်း လူလည်း မသိဘူး။ အလှူရှင်လည်း မရှိဘူး။ သူတို့ဘာကိုယ် သူတို့ ဖြေရှင်းနေတာဆိုတော့ ဘုန်းကြီးက ဖုန်းဆက် အကူအညီတောင်းလို့ ကျနော်တို့ပါ ရောက်သွားတာ။ ဖြစ်နိုင်ရင် အဲဒီကို သွားစေချင်တယ်။ အလှူရှင်လေးတွေ သွားစေချင်ပါတယ်”လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလက ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရာမှာ သာယာအေးကျေးရွာလည်း ပါဝင်ခဲ့ပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် ဒေသခံတွေရဲ့ စပါး၊ နှံ၊ ပြောင်း၊ ပဲတွေ ပျက်စီးဆုံးရှုံးတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄,၄၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁,၀၀၀ ကျော်၊ ငလျင်ဘေးသင့်သူ ၁၉၀,၀၀၀ ကျော်ရှိခဲ့ပြီး နေအိမ် အဆောက်အအုံ ၅၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ DVB က ဧပြီ ၁၆ ရက်အထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေ အရ သိရပါတယ်။
အောင်ခန့်