
မကွေးအကျဉ်းထောင်အနီး တိုက်ပွဲဖြစ်ပွားမှုနဲ့ အကျဉ်းထောင်အတွင်း အကျဉ်းဦးစီးနဲ့ ဝန်ထမ်းတွေကြား တင်းမာမှုဖြစ်ပြီး အကျဉ်းသားတွေကို ပစ်ခတ်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသား ၂ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ ဧပြီ ၁၈ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်မှာ မကွေးအကျဉ်းထောင်ရှေ့မှာ Local PDF အဖွဲ့တွေနဲ့ စစ်ကောင်စီ လက်အောက်ခံတပ်တွေ တိုက်ပွဲဖြစ်ပွားနေချိန် ညနေ ၆ နာရီဝန်းကျင်မှာပဲ ထောင်တွင်းမှာ အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေကြား တင်းမာမှုအချို့ဖြစ်ပွားခဲ့ပြီး ဝန်ထမ်းတွေက ထောင်ဘူးဝနဲ့ ကင်းမျှော်စင်က သေနတ်ပစ်ခတ်ခဲ့တာလို့ PPNM က ထုတ်ပြန်ပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် ထောင်တွင်းဓမ္မရုံမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား စောရွှေအောင် အပါအဝင် ၂ ယောက် အနည်းဆုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသားများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ ယောက်ထက်မနည်း ဆေးဝါးကုသမှုခံယူနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သီးခြားထုတ်ပြန်တာ မတွေ့ရသေးပါဘူး။