
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ထဲကနေ လားရှိုးမြို့သိမ်တိုက်ပွဲအတွင်း အကျဉ်းထောင်ပွင့်ပြီး ထွက်လာခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေဟာ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ မြို့ထဲကနေ အပြီးထွက်ခွာနေကြရကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။
နိုင်ငံရေး အကျဉ်းသားသူတယောက်က “စရဖ တွေ ရောက်နေပြီမို့ ဒီနေ့ နောက်ဆုံးထား ရွှေ့ရတာ။ သူတို့က ချက်ချင်းကြီးဆိုတော့ သိပ်တော့ အဆင်မပြေဘူး။ သူတို့ အရပ်ဝတ်နဲ့ ဝင်လာနေတာ ဟုတ်တယ်။ မနက်ဖြန်ဆို ရုံးထိုင်ပြီတဲ့” လို့ ပြောပါတယ်။
မြို့ပေါ်မှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အကုန်လုံး နေရာရွှေ့ပြောင်းထားကြပြီလို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“MNDAA တပ်သားတွေရှိတော့ ရှိသေးတယ်။ MNDAA ရဲတွေလည်း ရှိတယ်။ အေတီ တံတားမှာ တပ်အခိုင်အမာ လုပ်လာတယ်။”
မြို့ထဲ လမ်းတချို့ ပိတ်ထားပြီး အမှတ် ၂ အထက်တန်းကျောင်းဘက်တော့ ကိုးကန့် MNDAA ဘက်က ရဲတွေ အင်အားတွေ ထပ်ဖြည့်ထားတယ်လို့ သူက ပြောပါတယ်။
MNDAA တပ်ဖွဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက် ဘာမှ တာဝန်ယူတာတွေ မရှိထားသလို နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ကိုယ့်အစီအစဉ်နဲ့ ကိုယ်လားရှိုးမြို့ ပြင်ပဘက် ထွက်ခွာနေထိုင်ကြရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း လူငယ်တယောက်က ပြောပါတယ်။
နားလည်မှုစာချွန်လွှာ (MOU) တော့ ချုပ်ထားတာ ရှိတာကြောင့် ဘယ်လောက်ထိ လိုက်နာမလဲ ဆိုတာ စောင့်ကြည့်ရမှာပဲလို့ သူက ပြောပါတယ်။
လားရှိုး အကျဉ်းထောင်မှာ နိုင်ငံရေးကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသူအကျဉ်းသားတွေဟာ ၁၀၂၇ စစ်ဆင်ရေးမှာ လားရှိုးမြို့သိမ်းတိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခု ဇူလိုင် ၂၈ ရက်က ထောင်ဖောက် ထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။