လာရှိုးမြို့ပေါ်က နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ လက်ရှိ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကြောင့် မြို့ပေါ်မှာဆက်နေဖို့ အခက်ကြုံလာနေတယ်လို့ ဒေသခံ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းတယောက်က “ခက်နေတာက မိဘတွေက ဒီမြို့မှာ၊ သူတို့ကလည်း မလိုက်၊ ကျနော်ကျတော့လည်း မြို့ထဲနေလို့မရ။ ထောင်ဖောက်(ထောင်ပွင့်) ထွက်လာခဲ့တော့ မိဘတွေကို တခုခုလုပ်မှာလည်း စိတ်ပူရတယ်” လို့ ပြောပါတယ်။
MNDAA တပ်ဖွဲ့ဘက်ကတော့ လောက်ကိုင်ကို လိုက်ခဲ့ဖို့၊ မိဘတွေ လားရှိုးမှာနေမယ်ဆို ဘာမှမဖြစ်စေရဘူးလို့ အာမခံချက်ပေးထားပါတယ်။
လက်ရှိမှာတော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရော၊ CDM ဝန်ထမ်းတွေရော လောက်ကိုင်ကို လိုက်မှာမဟုတ်ပေမဲ့ MNDAA ထိန်းချုပ်နေရာတွေထဲက ကြိုက်တဲ့မြို့မှာ သွားနေလို့ရကြောင်း သိရပြီး အဲဒီလို သွားနေမယ့်သူတွေလည်း များတယ်လို့ သူက ပြောပါတယ်။
နောက်ထပ် နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ကလည်း “လက်ရှိ အခြေအနေက နိုင်ငံရေးကျဉ်းသားဟောင်းတွေ ခက်ခဲတယ်။ MNDAA နဲ့ လိုက်သွားတဲ့သူတွေက မများဘူး။ ၁၀ ယောက်လောက်ပါပဲ။ ကျန်ခဲ့မယ့်သူ များတယ်။ မြို့ထဲနေဖို့ ခဏတော့ရသေးတယ်။ လားရှိုး ပြည်သူနဲ့ အတူ ရှိနေမယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ လားရှိုးမြို့ထဲမှာ AA တပ်ဖွဲ့အပါအဝင် တခြားအဖွဲ့တွေလည်း ရှိနေပြီး MNDAA က မြို့ပြင်ထိပဲ ဆုတ်မှာဖြစ်သလို လာမယ့်မေလမှာ အပြီးဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
ရုံးပိုင်းဆိုင်ရာနဲ့ ဆေးရုံကပစ္စည်းတွေကိုတော့ စစ်ကောင်စီကို ပြန်အပ်မယ်လို့ သိရကြောင်း ဆိုပါတယ်။
လားရှိုးကို MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် နိုင်ငံရေး အကျဉ်းသားဟောင်း တချို့က MNDAA တပ်ဖွဲ့ရဲ့ ဌာနဆိုင်ရာတွေမှာ တာဝန်ထမ်းဆောင်နေကြတယ်လို့ ဒေသခံ နိုင်ငံရေး အကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။
လားရှိုးအကျဉ်းထောင်ဟာ စစ်ကောင်စီနဲ့ MNDAA ပူးပေါင်းတပ်ဖွဲ့တို့အကြား မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေချိန် ၂၀၂၄ ဇူလိုင် ၂၈ ရက်နေ့မှာ ထောင်ပွင့်သွားတာ ဖြစ်ပပါတယ်။