
ထိုင်းတောင်ပိုင်း၊ ချွန်းဖွန်းခရိုင်၊ ချွန်းဖွန်းမြို့မှာ ဧပြီ ၁၆ ရက် မနက်က မြန်မာရွှေ့ပြောင်းလုပ်သားတယောက်က ဈေးဆိုင်တဆိုင်ထဲဝင်ပြီး ဆိုင်ရှင်အမျိုးသမီးကို ရိုက်နှက်ကာ ရွှေဆွဲကြိုးတကုံး လုယက်ဖြုတ်ယူသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ချွန်းဖွန်းမြို့ ဝိဆိုင်နေရပ်ကွက်ရှိ အိမ်ဆိုင်တဆိုင်မှာ မနေ့ မနက်စောစော ၇ နာရီနဲ့ ၈ နာရီကြား နှာခေါင်းစည်းတပ်ထားတဲ့ လူတယောက် ဝင်လာပြီး ဆိုင်ရှင်ကို လက်အုပ်ချီ နှုတ်ဆက်သေးတယ်၊ အဲဒီနောက် ဆိုင်ထဲကပစ္စည်းတွေ လျှောက်ကြည့်နေတယ်၊ ဆိုင်ရှင် အမျိုးသမီးကလည်း ဈေးဆိုင်တည်ဖို့ ပစ္စည်းတွေ လိုက်စီနေတယ်၊ အဲဒီအခိုက် အဆိုပါလူက ဘီယာပုလင်းနဲ့ ဆိုင်ရှင်အမျိုးသမီးခေါင်းကို ရိုက်ခွဲလိုက်ပြီး ဆိုင်ရှင်လဲကျသွားတော့ လည်ပင်းက ဆွဲကြိုးကိုယူပြီး ထွက်ပြေးသွားတာလို့ ချွန်းဖွန်းနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက စီစီတီဗွီကင်မရာ အထောက်အထားနဲ့ သတင်းထောက်ကို ပြောပါတယ်။
ဆိုင်ရှင်အမျိုးသမီးမှာ ခေါင်းကွဲသွားပြီး လည်ပင်းမှာလည်း ဆွဲကြိုးရှတဲ့ဒဏ်ရာ ရသွားတယ်၊ လက်ရှိ ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ ဆိုပါတယ်။
ဆိုင်ရှင်ရဲ့ မိခင်ဖြစ်သူ အသက် ၉၀ ကျော်ရွယ် အဘွားအိုက အခင်းဖြစ်နေချိန် ဖြစ်စဉ်အစအဆုံးကို မျက်စိရှေ့မှာ တွေ့နေရတယ်၊ ဒါပေမဲ့ အားမရှိလို့ ဘာမှမတတ်နိုင်ဘူး၊ သားကြီးကို အော်ခေါ်တော့ သားကြီးလည်း လူနာကို ဆေးရုံအရင်ပို့ဖို့ လုပ်နေရတော့ လူဆိုးနောက် မလိုက်နိုင်ဘူး၊ ပါသွားတဲ့ဆွဲကြိုးက အလေးချိန် ၁ ဘတ်ခွဲ (၁ ကျပ်သားကျော်) ရှိပြီး ကာလတန်ဖိုး ဘတ် ၇၀,၀၀၀ ခန့်ရှိမယ်လို့ ပြောပါတယ်။
ဆွဲကြိုးလုသွားတဲ့သူဟာ သူတို့ရပ်ကွက်ထဲက ခြံတခြံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ဖြစ်တယ်၊ ခါတိုင်းလည်း ဈေးလာဝယ်နေကျ မျက်မှန်းတန်းမိတယ်၊ ဒီတခါကျမှ ဘာစိတ်ရိုင်းပေါက်ပြီး အဲလိုလုပ်သွားတယ် မသိဘူးလို့ ဆိုပါတယ်။
အဆိုပါ အလုပ်သမားမှာ အသက် ၃၅ နှစ်ရွယ်ရှိ အောင် ခေါ် သူရဖြိုး ဆိုသူဖြစ်ပြီး ရနောင်းဂိတ်ကနေ ဝင်လာတဲ့ ယာယီနယ်စပ်ဖြတ်ကျော်လက်မှတ်ပဲ ရှိတယ်၊ သက်တမ်းကုန်တာ ကြာပြီ။ တရားမဝင် အလုပ်ဝင်လုပ်နေတာ ဖြစ်တယ်၊ ဆိုင်ကိုလာတုန်းက စီးလာတဲ့ ဆိုင်ကယ်အနီရောင်မှာလည်း နံပါတ်ပြား တပ်ထားခြင်းမရှိ၊ လောလောဆယ် သူ့ကို ဖမ်းလို့မမိသေးကြောင်း၊ မြန်မာဘက်ခြမ်း ပြန်ထွက်ပြေးသွားပြီလို့ ယူဆရတယ်၊ ဒါကြောင့် မြန်မာဘက်က အာဏာပိုင်တွေထံ အကြောင်းကြားထားတယ်လို့ ချွန်းဖွန်းရဲတပ်ဖွဲ့က ပြောသွားပါတယ်။