Home
နိုင်ငံတကာ
ထိုင်းနိုင်ငံ ရိုးရာမိုးခေါ်ပွဲတွင် ကား ၅ စီး ဆက်တိုက်မီးလောင်
DVB
·
April 16, 2025

ထိုင်းအရှေ့မြောက်ပိုင်း၊ အိဆန်ဒေသ၊ ယာ့ဆိုထွဏ်းခရိုင်ရှိ ရိုးရာမိုးခေါ်ပွဲတခုမှာ ကား ၅ စီး ဆက်တိုက်မီးလောင်မှု ဧပြီ ၁၅ ရက် မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ယာ့ဆိုထွဏ်းမြို့နယ်၊ ခုမ်ငင်းကျေးရွာအုပ်စု၊ ခုမ်ငင်းရွာမှာ ရိုးရာ မီးရှူးလွှတ်ပြိုင်ပွဲ (မိုးခေါ်ပွဲ) ကျင်းပနေစဉ် မနေ့ညနေ ၅ နာရီဝန်းကျင်လောက်မှာ ကားမီးလောင်မှု ဖြစ်ခဲ့တာလို့ ဒေသခံက သတင်းထောက်တွေကို ပြောပါတယ်။

မော်တော်ယာဉ်ရပ်နားရာနေရာဖြစ်ပြီး ပွဲကော်မတီက စီစဉ်ပေးတဲ့ လယ်ကွင်းထဲမှာ ရပ်ထားတဲ့ ဟိုင်းလပ်စ်ကားတစီးကနေ မီးစလောင်တာဖြစ်ပြီး အဲဒီနောက် အချိန်တိုတိုတွင်းမှာပဲ ဘေးနှစ်ဖက်မှာ ရပ်ထားတဲ့ ကားတွေဆီ ကူးစက်သွားခဲ့ပါတယ်။

အနီးနားဝန်းကျင်က လူတွေဟာ ရရာသစ်ရွက်သစ်ခက်တွေနဲ့ မီးဝိုင်းငြှိမ်းသတ်သလို မီးသတ်ကားလည်း လာရောက် မီးငြှိမ်းသတ်ခဲ့ပေမဲ့ ကားရပ်တဲ့နေရာဟာ ခြောက်သွေ့တဲ့ ရိုးပြတ်တောထဲမှာမို့ လောင်စာလိုဖြစ်နေပြီး အရှိန်ပြင်းပြင်း လောင်ကျွမ်းခဲ့ပါတယ်။

အချိန်တနာရီလောက်အကြာ ငြှိမ်းသတ်ပြီးမှ မီးငြိမ်းသွားပေမဲ့ ကား ၅ စီးကတော့ လုံးဝ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး အစပိုင်းမှာ မီးရှူးတိုင်က လွှတ်လိုက်တဲ့ မီးစတွေ လွင့်စင်လာတယ်လို့ ယူဆကြပေမဲ့ အဲဒီနေရာဟာ ပွဲခင်းက မီးရှူးလွှတ်တင်တဲ့စင်နဲ့ မီတာ ၆၀ အကွာမှာရှိပြီး မီးရှူးတိုင်ရဲ့ လားရာနဲ့ မီတာ ၈၀၀ လောက် ကွာဝေးလို့ မဖြစ်နိုင်ဘူးလို့ ပွဲဖြစ်မြောက်ရေးကော်မတီက ပြောပါတယ်။

မီးစလောင်တဲ့ကားထဲမှာ တယ်လီဖုန်း ဒါမှမဟုတ် ဓာတ်အားသွင်းစက် Power Bank မေ့ထားခဲ့ပြီး ရာသီဥတု ပူပြင်းတာကြောင့် ပေါက်ကွဲမီးလောင်တာလို့လည်း ယူဆနေကြပါတယ်။

ကားပိုင်ရှင်ကတော့ အဲဒီပစ္စည်းတွေ မထားခဲ့ဘူးလို့ ငြင်းဆိုထားတယ်။ အလိုလိုနေရင်း ကားမီးလောင်ခံရတဲ့ ကားပိုင်ရှင်တွေကတော့ ယာဉ်ရပ်နားခ ကောက်ခံထားတဲ့ ပွဲကော်မတီတွေ အနေနဲ့ တာဝန်ယူရမယ်လို့ ပြောဆိုနေကြပါတယ်။

အိဆန်ဒေသမှာ မိုးလေဝသမှန်ကန်ပြီး ကောက်ပဲသီးနှံ အထွက်ကောင်းစေဖို့ ကောင်းကင်က မိုးနတ်သားကို မီးရှူးလွှတ်တင်ပူဇော်တဲ့ ဓလေ့ထုံးစံရှိပြီး နှစ်စဉ် ခုလို သင်္ကြန်ကာလမှာ ကျင်းပလေ့ ရှိပါတယ်။

Source : Thai PBS / workpoint news

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024