
တိဘက်နဲ့ ဆက်နွှယ်တဲ့ ကိစ္စတွေမှာ ဆိုးဆိုးရွားရွား ပြုမူခဲ့တဲ့ အမေရိကန် အစိုးရအမှုထမ်း တချို့အပေါ် ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်ချမှတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ တရုတ်အစိုးရက ဧပြီ ၁၄ ရက်မှာ ပြောပါတယ်။
တိဘက်ဒေသတွေဆီ နိုင်ငံခြားသားတွေ ဝင်ရောက်ခွင့်ကို ကြီးကြပ်တဲ့ မူဝါဒတွေ ချမှတ်ရာမှာ ပါ၀င်တဲ့ တရုတ်အရာရှိတွေကို အမေရိကန်အစိုးရက ဗီဇာကန့်သတ်ချက်တွေ ထပ်တိုးချမှတ်ပြီးတဲ့နောက် ခုလို တုံ့ပြန်ခဲ့တာပါ။
တိဘက်နဲ့ ဆက်နွှယ်တဲ့ ပြဿနာတွေဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စ ဖြစ်တယ်၊ တိဘက်နဲ့ ပတ်သက်လို့ တရုတ်အရာရှိတွေအပေါ် အမေရိကန်က ဗီဇာကန့်သတ်ချက်တွေကို အလွဲသုံးစားလုပ်တာဟာ နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အခြေခံ စံနှုန်းတွေကို အပြင်းအထန် ချိုးဖောက်ရာ ရောက်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဟာ အမေရိကန်သံတမန်တွေ၊ သတင်းထောက်တွေနဲ့ တခြားနိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေကို တိဗက်နဲ့ တရုတ်နိုင်ငံရဲ့ တခြားဒေသတွေကို ဝင်ခွင့်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့ အမေရိကန်က စွပ်စွဲခဲ့ပြီး အမေရိကန်သံတမန်တွေနဲ့ တခြားလူတွေကို ဒေသတွေဆီ ကန့်သတ်ချက်မထားဘဲ ဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ခရီးသွားခွင့် ကြိုတင်ခွင့်ပြုချက်ရယူပြီးရင် တိဘက်အနောက်ဘက်စွန်းဒေသဆီ နိုင်ငံခြား ခရီးသွားတွေ အဖွဲ့လိုက် လာရောက်လည်ပတ်ခွင့် တရုတ်က ပေးထားပါတယ်။
သံတမန်တွေနဲ့ နိုင်ငံခြားသတင်းထောက်တွေ အဲဒီနေရာကိုသွားဖို့ တိဘက်ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် ရယူဖို့ လိုပါတယ်။
ဒါပေမဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေနဲ့ ပြည်ပြေးတွေက တိဘက်ဒေသတွေမှာ တရုတ်နိုင်ငံက ဖိနှိပ်ချုပ်ချယ်နေတယ်လို့ ပြောရင်း ပုံမှန်ရှုတ်ချနေကြပါတယ်။
Source : Reuters