
အအေးလွန်ကဲသိပ်သည်းတဲ့ လေအေးစီးကြောင်းကြောင့် သောကြာနေ့ ညနေပိုင်းကတည်းက စပြီး တရုတ်နိုင်ငံရဲ့ နေရာအတော်များများမှာ လေပြင်းတွေတိုက်ခတ်ခဲ့လို့ ရာသီဥတု သတိပေးချက်တွေနဲ့ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ခဲ့ရပါတယ်။
တရုတ်နိုင်ငံ မိုးလေဝသ အာဏာပိုင်တွေဟာ တနင်္ဂနွေနေ့ မနက်မှာ လေပြင်းတွေအတွက် လိမ္မော်ရောင်အဆင့် သတိပေးချက်ကို သက်တမ်းတိုးခဲ့ရပါတယ်။
အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှန်ရှီးပြည်နယ်၊ ဟော့ပေပြည်နယ်နဲ့ တရုတ်မြို့တော် ပေကျင်း အပါအဝင် တရုတ်နိုင်ငံ မြောက်ပိုင်းဒေသတွေမှာ လေတိုက်နှုန်း တနာရီကို ၁၁၇ ကီလိုမီတာအထိ တိုက်ခတ်နိုင်တယ်လို့ အမျိုးသားမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
တရုတ်နိုင်ငံမှာ မိုးလေဝသ သတိပေးစနစ် ၄ ခုရှိပြီး အနီရောင်ဟာ အဆိုးရွားဆုံး အခြေအနေတွေကို ညွှန်ပြပါတယ်။
အနီရောင်နောက်မှာ လိမ္မော်ရောင်၊ အဝါရောင်နဲ့ အပြာရောင် တို့ကို အားပျော့မှုအဆင့်အလိုက် သတ်မှတ်ထားပါတယ်။ ဟော့ဘေးပြည်နယ် မြောက်ပိုင်း၊ လိုင်ယွန်မြို့နယ်မှာ စိုက်ပျိုးရေးလုပ်ငန်းသုံး ဖန်လုံအိမ်တွေ ပျက်စီးနေပြီး ဓာတ်အားလိုင်းတွေ ပျက်စီးခဲ့ပါတယ်။
တရုတ်နိုင်ငံ အရှေ့ပိုင်းအန်းဟွေပြည်နယ်ရှိ ချီကျိုးမြို့က လူနေရပ်ကွက်တခုလည်း လေပြင်းတိုက်ခတ်ပြီး ခဏ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုးကြိုးမုန်တိုင်းကြောင့် ပြိုကျပျက်စီးတာတွေ ရှိခဲ့ပါတယ်။
ဒေသခံအာဏာပိုင်တွေက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ ကြော်ငြာဆိုင်းဘုတ်တွေနဲ့ အမိုးအကာတွေ၊ တာဝါကရိန်းတွေကို စေ့စေ့စပ်စပ် စစ်ဆေးနေပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် ကျူးကျိုးမြို့မှာ လေပြင်းတိုက်လို့ အိမ်ခေါင်မိုး ပြိုကျခဲ့တဲ့အတွက် လူတယောက် ပိတ်မိနေခဲ့ပါတယ်။
မီးသတ်သမားတွေက သတိပေးချက် ရပြီးတဲ့နောက် အခင်းဖြစ်ရာနေရာဆီ အမြန်သွားခဲ့ပြီး အပျက်အစီးတွေကို အမြန်ဖယ်ရှားရင်း ဒဏ်ရာရသူတွေကို ဘေးကင်းရာဆီ ရွှေ့ပြောင်း ပေးခဲ့ပါတယ်။
အဲဒီနောက် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့၊ ကုသပေးခဲ့ပါတယ်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံးပြည်နယ် ချင်းဒေါင်မြို့မှာ အားကောင်းတဲ့ လေပြင်းတိုက်ခတ်မှုကြောင့် ခရီးသွားဧည့်သည်တွေရဲ့ အလည်အပတ် ခရီးစဉ်တွေ ရပ်နားခဲ့ရပါတယ်။
လာလည်သူတွေ ဘေးကင်းစေဖို့ ကျန်းချောင်တံတား ရှုခင်းသာနေရာမှာ ကင်းလှည့်ဖို့ ဝန်ထမ်းအယောက် ၅၀ ကျော်ကို တာဝန်ပေးအပ်ထားပါတယ်။
ကျောက်ချရပ်နားထားတဲ့ ငါးဖမ်းသင်္ဘောတွေကို ကင်းလှည့်ဖို့ သီးသန့်အဖွဲ့တွေကို တာဝန်ချထားပြီး ငါးဖမ်းသမားတွေ ဘေးကင်းရေး စစ်ဆေးဖို့ မြို့တော်ရဲ့ ငါးဖမ်းဌာနတွေက ကူညီပေးခဲ့ပါတယ်။
လေပြင်းတိုက်ခတ်မှုကနေ ကင်းဝေးစေဖို့ ကမ်းလွန် ငါးသားဖောက်စခန်းတွေက ငါးဖမ်းလှေတွေ အားလုံးကို ဆိုက်ကပ်ထားခဲ့ပြီး ကမ်းလွန်ငါးသားဖောက်စခန်းတွေက ဝန်ထမ်းတွေကိုလည်း ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
Source : Reuters