
စစ်ကောင်စီတပ်က အမတ ၃၄၄ နဲ့ အနီးဝန်းကျင်ကရွာတွေဆီ စစ်အင်အားဖြည့်တင်းနေသလို ရေကြည်နဲ့ သီတာကုန်းအပြင်အကြားမှာရှိတဲ့ ရေနံ့သာဂိတ်မှာလည်း စစ်ဆေး၊ ကန့်သတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေနံ့သာဂိတ်မှာတော့ ပြီးခဲ့တဲ့ တပတ်လောက်ကစလို့ စစ်ဆေးရေးတင်းကျပ်နေပြီး ဆန်နဲ့ စက်သုံးဆီလို ပစ္စည်းတွေကို သယ်ယူခွင့်ကန့်သတ်နေတာလို့ ရေကြည်မြို့နယ်နေသူတယောက်က ပြောပါတယ်။
“ရေနံ့သာဂိတ်ကအပေါက်တွေပေါ့၊ အရင်က ဂိတ်ကိုမဖြတ်ဘဲ သွားလို့ရတဲ့အပေါက်တွေရှိတယ်။ အဲအပေါက်တွေကို သူတို့က ပိတ်ထားတယ်။ ပြီးရင် ဆန်သယ်ခွင့်မပြုဘူးပေါ့။ သတ်မှတ်ကုန် ဆန်ဆိုရင် ၃၊ ၄ ပြည်၊ ပြီးရင် စက်သုံးဆီမသယ်ရဘူးပေါ့ ဒါမျိုးကန့်သတ်တာရှိတယ်။ အဲတော့ ဒီဘက်ကသူတွေက ဆန်ပြဿနာတို့၊ စားဝတ်နေရေးပြဿနာတို့တော့ရှိတယ်။ ဒီတပတ်ထဲမှာ ကန့်လိုက်တာ။”
ဒေသခံတယောက်က “အင်အားကတော့ဖြည့်နေတယ်၊ ပြီးတော့ သူတို့ ဟိုနေရာမှာလိုလို ပတ်ပြီးတော့ အဲလိုစစ်ကြောင်းတွေ ထိုးနေတာပေါ့။ ပြင်ဆင်ထားတဲ့သဘောပေါ့။ မြောက်စမ်းတပ်ကလည်း ပစ်နေတာ ပုံမှန်ပေါ့၊ ၃ ရက်လောက်ရှိပြီ။ ပစ်ကူပေးတဲ့ အဆင့်လောက်ပေါ့။ ပြီးတော့ ဒီရက်ပိုင်းက လေယာဉ်က တော်တော်ဆင်းတာရှိတယ်၊ ၄၊ ၅ စီးလောက်ပေါ့ ဘယ်ကိုသွားတယ်တော့မသိဘူး။ တိုက်လေယာဉ်တွေ” လို့ ပြောပါတယ်။
ဒါကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး အလုပ်အကိုင်တွေလည်း မလုပ်ရဲဖြစ်နေကာ အခြေအနေကြည့်နေရတယ်လို့ ဆိုပါတယ်။
ငလျင်ကြောင့် နှစ်ဖက်တပ်တွေ အပစ်ရပ်ကြောင်း ကြေညာပြီးတဲ့နောက် တိုက်ပွဲသံတွေ မကြားတော့ပေမဲ့ အခု ၃ ရက်ဝန်းကျင်လောက်မှာတော့ စစ်ကောင်စီတပ်က တပ်နေရာချထားတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။