
မြန်မာနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဘေးသင့် ပြည်သူတွေအတွက် သီရိလင်္ကာနိုင်ငံ အစိုးရက အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းလိုက်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဧပြီ ၁၀ ရက်က ကိုလံဘိုမြို့ရှိ သီရိလင်္ကာနိုင်ငံ သမ္မတရုံးမှာ အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့တာမှာ သီရိလင်္ကာနိုင်ငံ သမ္မတကိုယ်စား သမ္မတရဲ့ အတွင်းရေးမှူးဖြစ်သူက စစ်ကောင်စီ သံအမတ်ကြီးထံ အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းကြောင်း အထိမ်းအမှတ် (A Symbolic Plaque) ကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါလှူဒါန်းငွေတွေကိုတော့ ရန်ကုန်မြို့ရှိ သီရိလင်္ကာသံရုံးက မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေကို လွှဲပြောင်းပေးအပ်သွားမယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။