
မြန်မာနိုင်ငံငလျင်ဘေးသင့် ပြည်သူတွေအတွက် အီတလီနိုင်ငံက ယူရိုငွေ ၃ ဒသမ ၃ သန်း ကူညီထောက်ပံ့ပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးက ထုတ်ပြန်ပါတယ်။
အင်အားပြင်းငလျင်ဘေးအတွက် တုံ့ပြန်ဆောင်ရွက်မှုအနေနဲ့ အီတာလျံနိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ရန်ပုံငွေ ယူရို ၃ ဒသမ ၃ သန်း ချထား ပေးခဲ့ပြီ ဒီအထဲက ယူရို ၂ သန်းကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ ဖယ်ဒရေးရှင်းကနေတဆင့် အရေးပေါ်လှူဒါန်းပေးမှာဖြစ်ပါတယ်။
လိုအပ်မှုတွေရှိနေတဲ့ ငလျင်ဘေးသင့် မြန်မာလူထုအတွက် ဆက်လက်ထောက်ပံ့မှုတွေ ပြုလုပ်နိုင်ဖို့ ရှေ့ဆက်လုပ်ငန်းစဉ်တွေကိုလည်း အပြီးသတ်နေပြီလို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ငလျင်ဘေးသင့်ဒေသမှာ အီတာလျံ NGO တွေကလည်းကူညီပေးနေပြီး မန္တလေးတိုင်း မြို့ငယ်လေးတမြို့မှာ ငလျင်လှုပ်တုန်း မွေးဖွားခဲ့တဲ့ မွေးကင်းစ ကလေးနဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားတဲ့ မိသားစုတွေကို ထောက်ပံ့ကူညီနေတယ်လို့လည်းဆိုပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ခံရသူတွေကို သက်သာရာရစေဖို့ ကူညီကြိုးပမ်းမှုမှာ အားလုံးပါဝင်ဆောင်ရွက်နေကြပြီး စိတ်ဆန္ဒရှိတဲ့အတိုင်း မန္တလေးထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ပို့ဆောင်နိုင်တာ မရှိလို့ စိတ်ထိခိုက် ဝမ်းနည်းမိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးအကြီးအကဲ နီကိုလီအက်စ်တန်ဆီက ပြောပါတယ်။
“စည်းလုံးညီညွှတ်မှုအတူ အရေးတကြီးလိုအပ်နေချိန်မှာ သမုဒ္ဒရာထဲမှ ရေတပေါက်လို ကျနော်တို့ရဲ့ သေးငယ်တဲ့ ပါဝင်ကူညီလှူဒါန်းမှုကို ပို့ဆောင်ဖို့ မနက်အရုဏ်တက်ချိန် မတိုင်မီ ပြင်ဆင်ခဲ့ပါတယ်၊ ကူညီဆောင်ရွက်ပေးတဲ့ EXERA အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်”လို့ အီတလီ သံရုံးအကြီးအကဲက ဆက်ပြောပါတယ်။
ငလျင်လှုပ်ခတ်ပြီး ၁၀ ရက်အကြာ ဧပြီ ၇ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီအထိ စုစုပေါင်း သေဆုံးသူ ၄,၃၂၅ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၆,၅၈၈ ယောက်၊ ပျောက်ဆုံးနေသူ ၄၄၈ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၄၉၈ ယောက်ရှိကြောင်း DVB Data Team က ကောက်ယူစုဆောင်းထားတဲ့ စာရင်းတွေအရ သိရပါတယ်။