
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်း၊ ပလိပ်မြို့နယ်၊ စိတ္တရကျေးရွာမှာ မြေပြိုလို့ အိမ်အလုံး ၃၀ လောက် မြေကြီးထဲ ကျွံဝင်သွားပြီး ဒေသခံတွေ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရပါတယ်။
စိတ္တရကျေးရွာက အိမ်တလုံး ပြိုကျတဲ့အထဲမှာတော့ မိသားစုဝင် ၃ ယောက် ပါသွားခဲ့တယ်လို့ သိရပါတယ်။
ရှေးဟောင်းဇုန်တခုဖြစ်တဲ့ ပလိပ်မြို့နယ်မှာ အင်အားပြင်းငလျင်ဒဏ် ခံရပြီးနောက်ပိုင်း ရှေးဟောင်း သာသနိက အဆောက်အအုံနဲ့ ဘုရားစေတီတွေ အပါအဝင် လူနေအိမ်တွေလည်း အများအပြား ပျက်စီးခဲ့ပါတယ်။
အဲဒီအပြင် ကိုယ်ပိုင်အထက်တန်းကျောင်းတခု ပြိုကျတဲ့အတွက် ၁၀ ယောက်ကျော် သေဆုံးခဲ့ရပြီး ဗလီတလုံး ပြိုကျတာမှာလည်း လူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပလိပ်မြို့နယ်တခုလုံးမှာ သေဆုံးထိခိုက်မှုနဲ့ ပျက်စီးမှုအရေအတွက်ကိုတော့ အတိအကျ မသိရသေးဘဲ DVB က စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မတ် ၂၈ ရက် နေ့လယ် ၁ နာရီလောက်က မြန်မာနိုင်ငံ၊ မန္တလေးမြို့နဲ့ ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တဲ့ ပြင်းအား ၇ ဒဿမ ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်ကြောင့် ဧပြီ ၅ ရက် နေ့လယ် ၁ နာရီအထိ စုစုပေါင်း သေဆုံးသူ ၄,၁၇၃ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၆,၁၆၈ ယောက်၊ ပျောက်ဆုံးနေသူ ၇၆၉ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၄၉၈ ယောက်ရှိတယ်လို့ DVB Data Team က ကောက်ယူစုဆောင်းထားတဲ့ စာရင်းတွေအရ သိရပါတယ်။
လင်းအိမ်