
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မီးလောင်မှုဖြစ်ပြီး အိမ်ခြေ ၄၀၀ ဝန်းကျင်ဟာ မီးဘေးသင့်ခဲ့ရတဲ့ မန္တလေး စိန်ပန်းရပ်က ပြည်သူတွေဟာ အကူအညီတွေမျှော်လင့်နေပါတယ်။
ငလျင်နဲ့ မီးဘေးသင့်ခံနေရတဲ့ စိန်ပန်းရပ်ကို အာဏာပိုင်တွေက အကူအညီတွေပေးဖို့ မကြည်သိမ်းက မျှော်လင့်တဲ့အကြောင်း ပြောပြပါတယ်။
“အာဏာပိုင်တွေက အကူအညီပေးမယ်လို့ ကျမ မျှော်လင့်ပါတယ်။ သူတို့ အကူအညီပေးရင် ကျမတို့အတွက် အကူအညီဖြစ်မှာပါ။ လက်ရှိအချိန်မှာ အသက်ရှင်ဖို့ စေတနာရှင်တွေရဲ့ အလှူကိုပဲ မှီခိုနေရပါတယ်။ အိမ်ရာတွေ ပြန်လည်တည်ဆောက်ဖို့ အာဏာပိုင်တွေရဲ့ အကူအညီ လိုပါတယ်။ အာဏာပိုင်တွေဆီက အကူအညီတွေရဖို့ ဆုတောင်းသလို ဆန္ဒလည်း ရှိပါတယ်။”
ငလျင်လှုပ်တာနဲ့ မြေအောက်က မီးလုံးကြီးတွေ တက်လာပြီး အိမ်တွေအားလုံးကို ၄၅ မိနစ်အတွင်း လောင်ကျွမ်းခဲ့တာလို့ ဒေသခံတွေက သူတို့ရဲ့ အတွေ့အကြုံကို ပြန်လည်ပြောပြပါတယ်။
ငလျင်ဘေး ကြုံတွေ့ခဲ့မှုနဲ့အတူ မီးဘေးပါ ခံစားခဲ့ရတဲ့ ဒေသခံတွေဟာ အဝတ်တထည် ကိုယ်တခုနဲ့ အသက်ဘေးကလွတ်အောင် ထွက်ပြေးခဲ့ရပါတယ်။
ငလျင်လှုပ်တာနဲ့ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ကြောင်း၊ မီးဘေးကြောင့် ပိုင်ဆိုင်သမျှတွေ အားလုံးဆုံးရှုံးခဲ့ရကြောင်း ငလျင်ဘေး၊ မီးဘေးတို့နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဒေသခံ မကြည်သိမ်းက ပြောပါတယ်။
“ငလျင်လှုပ်တာနဲ့ မီးလုံးကြီးတွေ မြေကြီးထဲကနေ တက်လာပါတယ်။ မီးတောက်တွေကလည်း ကြီးပါတယ်။ ငလျင်လှုပ်တာနဲ့ မီးလောင်တာက မိနစ်ပိုင်းပဲ ခြားပါတယ်။ မီးက ချက်ချင်းပြန့်သွားပြီး အိမ်ခြေ ၄၀၀ လောက် အားလုံးကို လောင်ကျွမ်းစေခဲ့တာပါ။ လူတိုင်း ထွက်ပြေးခဲ့ပြီး အခုတော့ ဘာမှမကျန်ခဲ့ပါဘူး။ ကျမတို့ အခက်အခဲတွေ အများကြီး ဖြစ်နေပါတယ်” လို့ မကြည်သိမ်းက ပြောပါတယ်။
ငလျင်လှုပ်တာနဲ့ မီးလုံးကြီးတွေ လောင်ကျွမ်းမှုကို ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတယောက်ဖြစ်တဲ့ မလဲ့ဝင်းက သူ့ရဲ့ အတွေ့အကြုံကိုလည်း ပြောပါတယ်။
“ငလျင်လှုပ်တဲ့အချိန် ကျမ ကလေးတွေ ကစားနေကြပါတယ်။ ငလျင်လည်းလှုပ်ရော ကလေးချီပြီး ပြေးပါတယ်။ အဲဒီနောက် မီးလုံးကြီးတွေ တက်လာပြီး အိမ်တွေကို လောင်တာပါ။ ပိုင်ဆိုင်တာတွေ ဘာမှ မယူနိုင်ပါဘူး။ အဝတ်တထည် ကိုယ်တခုပါပဲ။ တခြားမိသားစုတွေလည်း ကျမတို့လို ထွက်ပြေးရတာပါပဲ။”
မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၄,၂၁၂ ယောက်၊ ဒဏ်ရာရသူ ၆,၅၈၈ ယောက်၊ ပျောက်ဆုံးနေသူ ၄၄၈ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၄၉၈ ယောက်ရှိပြီလို့ ဧပြီ ၆ ရက် နေ့လယ် ၁ နာရီ အထိ DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။
ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ တွမ်ဖလက်ချာက ဆိုရှယ်မီဒီယာ X မှာ မြန်မာနိုင်ငံကို ကူညီဖို့ နိုင်ငံတကာကို မေတ္တာရပ်ခံထားပါတယ်။
“ငလျင်ရဲ့ အဖျက်စွမ်းအားက မယုံကြည်နိုင်စရာပါဘဲ။ အသက်တွေ ဆုံးရှုံးရသလို အိမ်တွေလည်း ပျက်စီးခဲ့ရပါတယ်။ အလုပ်အကိုင်တွေလည်း အားလုံးဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဒေသခံတွေရဲ့ ခံနိုင်ရည်ကတော့ အံ့မခန်းပါပဲ” လို့ ဖလက်ချာက ရေးသားထားပါတယ်။
ငလျင်ရဲ့ ဗဟိုနဲ့ နီးကပ်တဲ့ မန္တလေး မြို့လေးမြို့မှာ နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေ ကယ်ဆယ်မှုတွေ၊ ဆေးကုသမှုတွေလုပ်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ထိန်းချုပ်မှု မရှိတဲ့နေရာတွေမှာ ငလျင်ဘေးသင့်ခဲ့တဲ့ နေရာတွေက လူသားချင်းစာနာမှု အခြေအနေတွေ လိုအပ်နေပြီး အခက်ခဲဆုံးအခြေအနေပဲလို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ကုလသမဂ္ဂရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး စစ်တပ်က မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
Source : Reuters