
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ မတ် ၃၀ ရက် ညပိုင်း စစ်ကောင်စီက လေကြောင်းကနေ ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ဆိုင်ခန်းအဆောက်အုံတခု ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာကို မတ် ၃၀ ရက် ည ၇ နာရီကျော်လောက်မှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ ကုလားဘာကျေးရွာဒေသခံတယောက်က DVB ကိုပြောပါတယ်။
အဲဒီ ဗုံးသီးတွေဟာ ကုလားဘာကျေးရွာက ဦးမောင်ဝင်းရဲ့ နေအိမ်ဘေးက တီဗွီပြင်ဆိုင်မှာ ကျရောက်ပေါက်ကွဲခဲ့လို့ ဆိုင်ခန်းတခုလုံး ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုတယ်။
ကုလားဘာကျေးရွာက ပြည်သူတွေဟာ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်လို့ ပြည်သူတွေတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။
ကျောက်ဖြူမြို့နယ် ကုလားဘာကျေးရွာကို မတ် ၂၇ ရက် ညနေပိုင်းမှာလည်း စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲခဲ့လို့ နေအိမ်တအိမ် မီးလောင်ကျွမ်းကာ ကားတစီးပျက်စီးခဲ့ပါတယ်။