
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က မတ် ၃၀ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှုမရှိဘဲနဲ့ မတ် ၃၀ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ပေါင် ၅၀၀ ဗုံးတလုံးနဲ့ ပေါင် ၃၀၀ ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတယောက်က “အမတို့ဆို ပတ်ပြေးနေရတာ၊ အဲ့အချိန် အမတို့လည်း ဘုရားကျောင်းတက်လျက်နဲ့၊ ဒီနေ့က Sunday ဆိုတော့လေ၊ အိမ်မှာလည်း ဘယ်သူမှမရှိဘူး” လို့ ပြောပါတယ်။
မြန်မာနိုင်ငံအနှံ့ ငလျင်ကြောသင့်တဲ့ ဒေသတွေမှာ ပြည်သူ ၂,၆၀၀ ကျော် သေကျေခဲ့ရပြီး နေအိမ် ၄,၀၀၀ ကျော်အထိ ထိခိုက်ပျက်စီးခဲ့ရကာ ကရင်နီက မြို့နယ်တချို့မှာလည်း ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုတွေလည်း ရှိခဲ့ပါတယ်။
စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “နိုင်ငံက ဘယ်လိုကပ်ဆိုးတွေကြုံကြုံ လူယုတ်မာတွေကတော့ ယုတ်မာမြဲ ယုတ်မာဆဲပဲ၊ လူလို အသိတရားမရှိဘူး” လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ငလျင်ကြောင့် ထိခိုက်မိတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနိုင်ဖို့အတွက် မတ် ၃၀ ရက်ကနေ ဧပြီ ၁၂ ရက်အထိ ထိုးစစ်တွေကို ရပ်ထားမယ်လို့ ကြေညာခဲ့ပေမဲ့ စစ်ကောင်စီတပ်ကတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။