
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီးမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ဆီက သိရပါတယ်။
မတ် ၂၉ ရက်၊ မနက် ၇ နာရီခွဲဝန်းကျင်မှာ မြိတ်မှ တနင်္သာရီဘက်ကိုသွားမယ့် စစ်ကား ၄ စီးပါ စစ်ကောင်စီရဲ့ ရိက္ခာယာဥ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် အဲဒီနေ့မှာပဲ မနက် ၉ နာရီဝန်းကျင်မှာ တနင်္သာရီမှ မြိတ်ကို ပြန်လည်မောင်းနှင်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “ရိက္ခာပို့တဲ့ကားတွေနဲ့ စကစဘက်က လူနာပို့မယ့်ကားတွေပါ။ သူတို့ယာဥ်တန်း ဖြတ်ချိန်မှာ တိုက်ခိုက်တာပါ။ ထိခိုက်သေဆုံးမှုတော့ အသေးစိတ် မသိရသေးဘူး” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့၊ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောကြီးမြွေဟောက်တပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဇုန် ၃ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မတ် ၂၄ ရက်ကလည်း တနင်္သာရီမြို့နယ်မှာ မြိတ်ကလာတဲ့ စစ်ကောင်စီယာဥ်တန်း ၈ စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။