
တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီးမှာ မြိတ်ဘက်က တက်လာတဲ့ စစ်ကောင်စီယဥ်တန်း ၈ စီးကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မတ် ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီယာဥ်တန်းကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “စကစယာဥ်တန်းက အရှိန်နဲ့ မောင်းလာချိန်မှာ မိုင်းဆွဲတိုက်ခိုက်တာပါ။ စကစဘက်က ထိခိုက်သေဆုံးမှုများနိုင်တယ်။ ကျနော်တို့ သိရသလောက် ဒီစကစယာဥ်တန်းက သိန်းခွန်းတိုက်ပွဲမှာ စစ်ကူပို့ဖို့ပါ” လို့ ပြောပါတယ်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့နဲ့ မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ၂၀ ဝန်းကျင်ခန့်ရှိနိုင်တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ဆီမှ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီယာဥ်တန်းကို လမ်းကင်းယူပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တနင်္သာရီမြို့နယ်ပကဖအဖွဲ့မှ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့ကလည်း စစ်ကောင်စီက တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းမပေါ်ကို ဗုံးကြဲတိုက်ခိုက်တာကြောင့် အလျားပေ ၂၄၀ ရှည်တဲ့ ချောင်းလမုတံတား ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။