မတ် ၂၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ တနာရီဝန်းကျင်မှာ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်တဲ့အတွက် စစ်ကိုင်းမြို့နယ်၊ သောတာပန်ရပ်ကွက်မှာ အထပ်မြင့်တိုက် ပြိုကျပြီး လူ ၂ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ငလျင်ကြောင့် စစ်ကိုင်းတံတားအဟောင်း ပြိုကျခဲ့ပြီး စစ်ကိုင်းတံတားအသစ်ရဲ့ နံရံလည်း အက်သွားတဲ့အတွက် နေ့လယ် ၂ နာရီဝန်းကျင်ကစပြီး တံတားအသစ်ကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကိုင်းမြို့မှာ ငလျင်လှုပ်ပြီးနောက် မိုင်တဲဆင်းကတ်မှအပ တခြားဖုန်းလိုင်း ဆက်သွယ်မှုတွေလည်း ပြတ်တောက်နေတယ်လို့ သိရပါတယ်။
ဖုန်းလိုင်း၊ အင်တာနက်လိုင်း အခက်အခဲကြောင့် သေဆုံးထိခိုက်သူတွေနဲ့ ပတ်သက်တဲ့ အခြေအနေ အသေးစိတ်ကိုတော့ DVB က အတည်ပြုလို့ မရသေးပါဘူး။
ငလျင်ဗဟိုချက်ဟာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နဲ့ ၁၂ ကီလိုမီတာအကွာဖြစ်ပြီး ငလျင်ကြောင့် မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနဲ့ တရုတ်တို့မှာလည်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။