
တောင်ကိုရီးယားနိုင်ငံ သမိုင်းတလျှောက် အဆိုးရွားဆုံး တောမီးဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး လူ ၂၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ရှေးဟောင်းအဆောက်အအုံတွေလည်း မီးဘေးသင့်ခဲ့ရလို့ မီးသတ်သမားတွေဟာ လူတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းဖို့ ကြိုးစားနေရပါတယ်။
မတ် ၂၁ ရက်က တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းက မီးစတင်လောင်ကျွမ်းမှုကြောင့် လူ သောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
မီးလောင်မှုမှာ အဓိက သေဆုံးသူတွေဟာ အသက် ၆၀ ကနေ ၇၀ အရွယ်တွေ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မျက်မြင်တယောက်ကတော့ အိမ်တွေမီးလောင်တာက ကမ္ဘာ့ပျက်ကိန်း မြင်ကွင်းလိုပဲ အရမ်းဆိုးတယ်လို့ ပြောပါတယ်။ အာဏာပိုင်တွေကတော့ လူတွေကြောင့် မီးစတင်လောင်ခဲ့တာ ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။
ကျွမ်းကျင်ပညာရှင်တွေကတော့ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် အခုလို သမိုင်းတလျှောက် အဆိုးရွားဆုံး မီးဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
ခြောက်သွေ့တဲ့ မြေပြင်နဲ့ လေတိုက်အား ကောင်းမှုတွေကြောင့် မီးပျံ့နှံ့မှု မြန်ခဲ့တာဖြစ်ပါတယ်။ လေတိုက်မှုကြောင့် မီးလောင်မှု လမ်းကြောင်းပြောင်းပြီး ဟယ်လီကော်ပတာတစီး အင်္ဂါနေ့က ပျက်ကျခဲ့တာ တွေ့ရပါတယ်။
တောင်ကိုရီးယားတောမီးကြောင့် နှစ်ပေါင်း ၁၃၀၀ သက်တမ်းရှိ ဘုရားကျောင်းတခု ပျက်စီးခဲ့ပါတယ်။ ဒါကြောင့် ဒေသခံတွေက ဆင်းတုတော်တွေ ရှေးဟောင်းအမွေအနှစ်တွေကို ရွှေ့ပြောင်းဖို့ ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။
တောမီးလောင်ကျွမ်းမှုကြောင့် မီးသတ်သမား ထောင်ကျော် ကယ်ဆယ်ရေးလုပ်ဆောင်နေပြီး စစ်တပ်ကလည်း ကူညီပေးနေပါတယ်။
Source : Reuters