
တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းဒေသမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် အနည်းဆုံး လူ ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ဒေသခံ ၂၇၀၀၀ ကျော် ဘေးလွတ်ရာကို နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
ဆယ်စုနှစ်များစွာအတွင်း တောင်ကိုရီးယားသမိုင်းတလျှောက် နိုင်ငံရဲ့ အဆိုးရွားဆုံး တောမီးဖြစ်ပြီး နိုင်ငံမှာ တပ်စွဲထားတဲ့ အမေရိကန်စစ်တပ်ရဲ့ ရဟတ်ယာဉ် အကူအညီ ရရှိထားကြောင်းနဲ့ တောမီးလောင်ကျွမ်းမှုတွေကို ငြှိမ်းသတ်ဖို့အတွက် ရရှိနိုင်သမျှ ပံ့ပိုးကူညီမှုတွေ အားလုံးကို စုစည်းပြီး အသုံးချသွားမယ်လို့ ယာယီသမ္မတ ဟန်ဒုက်ဆူက မတ် ၂၆ ရက်မှာ ကတိပြုခဲ့ပါတယ်။
တောမီး ထိန်းချုပ်ရခက်တဲ့ အကြောင်းရင်းက ညလုံးပေါက် လေပြင်း တိုက်ခတ်တာကြောင့် ဖြစ်ပြီး လေပြင်းတိုက်ခတ်မှုကလည်း သတိပေးချက်အဆင့်ကို ရောက်ရှိတဲ့အထိ အားပြင်းသွားတယ်လို့ ယာယီသမ္မတ ဟန်ဒုက်ဆူက ပြောပါတယ်။
မီးငြှိမ်းသတ်ရေး ကြိုးပမ်းမှုအတွင်း သေဆုံးခဲ့သူ ၄ ယောက်အပါအဝင် စုစုပေါင်း လူ ၁၈ ယောက် အသက်ဆုံးရှုံးခဲ့ပြီး အသေအပျောက် အများစုက အသက် ၆၀ မှ ၇၀ နှစ်တွေအတွင်း ဖြစ်တယ်လို့ ဂျောင်းဘုခ် ရဲအေဂျင်စီမှ စစ်ဆေးရေးမှူး ဆွန်းချန်းဟိုက မတ် ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မတ် ၂၅ ရက်မှာ တောမီး စတင်လောင်ကျွမ်းခဲ့ပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ရပ်ကွက်တွေလည်း လောင်ကျွမ်းပြာကျကုန်ပြီး ဒေသခံ ၂၇၀၀၀ ကျော်ကို အရေးပေါ် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အစိုးရက ပြောပါတယ်။
အကျဉ်းထောင်တွေမှ ရာပေါင်းများစွာသော အကျဉ်းသားတွေကို အာဏာပိုင်တွေက လွှဲပြောင်းပေးခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ရပ်ကွက်တခုလုံးနဲ့ စာသင်ကျောင်းတွေကို ပိတ်ထားခဲ့ရပါတယ်။ အစိုးရက မီးဘေးသင့်ဒေသတွေကို အထူးဘေးအန္တရာယ်ဇုန်တွေအဖြစ် သတ်မှတ်ခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ဟက်တာ ၁၅,၀၀၀ (၃၇,၀၆၅ ဧက) ကျော် ပျက်စီးခဲ့ပါတယ်။
Source: Reuters