ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ တဘလုခို့ခီးကျေးရွာကို မတ် ၁၉ ရက် မနက် ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီက Yak-130 အမျိုးအစား ဂျက်တိုက်လေယာဥ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ဒေသခံအမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ဂျက်တိုက်လေယာဥ်နဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၃၀ အရွယ် အမျိုးသား ၂ ယောက်သေဆုံးခဲ့ရပြီး နေအိမ်တလုံးနဲ့ ဂိုဒေါင်တလုံးပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရှောင်အရေး ကူညီပေးနေသူက “စစ်ကောင်စီက မြန်မာပြည်မှာ သူတို့ပြောသလိုမဖြစ်ရင် သူတို့လိုချင်တာကို မရရင် သူတို့လုပ်ဆောင်နေကျ လုပ်ငန်းစဉ်တွေဖြစ်တဲ့ ပြည်သူလူထုကို လူသားဒိုင်းအနေနဲ့ သူတို့ အသုံးချမယ်။ ပြီးရင် လက်နက်ကိုင်တွေကို ထောက်ခံတယ်ဆိုပြီး ဗုံးကြဲတိုက်ခိုက်တာတွေက သူတို့လုပ်ဆောင်နေကြပဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် မနက် ၇ နာရီခွဲလောက်က တပ်မဟာ ၆ နယ်မြေ၊ ကျိုက်ဒုံမြို့ အမှတ် ၅ ရပ်ကွက်အတွင်းက မီးသတ်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး မီးသတ်စခန်း အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် မီးသတ်စခန်း အဆောက်အအုံတခုလုံး ပျက်စီးခဲ့တဲ့အပြင် အနီးအနားမှာ မီးလှုံနေတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတယောက် ဗုံးစထိမှန်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။