
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသက မင်းကွန်းပုထိုးတော်ကြီးအနီးကို စစ်ကောင်စီတပ်က မတ် ၁၉ ရက် ည ၁၁ နာရီဝန်းကျင်မှာ လေယာဥ်နဲ့ ဗုံးကြဲချခဲ့တဲ့အတွက် စေတီတချို့နဲ့ သာသနိက အဆောက်အအုံတွေ ထိခိုက်ပျက်စီးသွားတယ်လို့ မင်းကွန်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
မင်းကွန်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ People Servant Force ရဲ့ ပြန်ကြားရေးတာဝန်ခံက “မင်းကွန်းပုထိုးတော်ကြီးနဲ့ အနောက်ဘက် ပေ ၃,၀၀၀ လောက်မှာရှိတဲ့ မြသိန်းတန် ဘုရားကုန်းမှာက သူတို့ စကစ စခန်းဟောင်းကို ဗုံးပြန်ကြဲသွားတာ ပြည်သူ ၃၊ ၄ ယောက်လောက်တော့ ဒဏ်ရာအနည်းငယ်ရတယ်။ မစိုးရိမ်ရဘူးလို့တော့ သိရတယ်ဗျ” လို့ ပြောပါတယ်။
ဗုံးကြဲသွားတဲ့နေရာဟာ စစ်ကောင်စီတပ်က အထိုင်ချ တပ်စွဲခဲ့တဲ့နေရာဖြစ်ပြီး အခုအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှိတော့တဲ့ စခန်းဟောင်းတခု ဖြစ်ပါတယ်။
People Servant Force တာဝန်ခံ ကိုနက်ရှိုင်းက “ဗုံး ၂ လုံး ကြဲသွားလို့ ဘုရားကုန်းပေါ်က ကောင်းမှုတော်စေတီ၊ နဂါးရုံဘုရားနဲ့ ဓမ္မာရုံတွေ ပျက်စီးသွားခဲ့တယ်။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ PDF စခန်းထင်ပြီး ကြဲတာလား၊ တမင် ကိုယ့်ဘက်ကစခန်းကို ကိုယ်ပြန်ကြဲတာလား ဆိုတာတော့ မသိဘူးဗျ။ ဒီဘက် မင်းကွန်းဒေသက ဒုတိယကမ္ဘာစစ်အတွင်းမှာတောင် စေတီပုထိုးတွေ အများကြီးရှိလို့ လေကြောင်းတိုက်ခိုက်တာ မရှိခဲ့လို့ မန္တလေးကပြည်သူတွေ စစ်ဘေးရှောင်ခဲ့တဲ့နေရာ ဖြစ်ခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မင်းကွန်းဒေသကို ၂၀၂၄ ဩဂုတ်လက စတင်ကာ မကြာခဏ မြေပြင်စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာတွေကြောင့် အထိနာနေတာဖြစ်သလို ဒီနေ့အချိန်အထိလည်း စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ မင်းကွန်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။