
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စစ်ဘေးရှောင် အယောက် ၁,၆၀၀ ကျော် အစားအစာနဲ့ ဆေးဝါးတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အဲဒီ စစ်ဘေးရှောင် ၁,၆၀၀ ကျော်ဟာ လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ မတ် ၁၆ ရက်က စတင်ပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာအနီးက ထွက်ပြေးလာတဲ့ ဒေသခံတွေဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူက “အခု စစ်ဘေးရှောင်တွေက ဘေးလွတ်တဲ့ တော်တောင်တွေထဲမှာ နေနေရတယ်။ လောလောဆယ် စားဖို့နဲ့ ဖျားနေတဲ့သူတွေ ပါတယ်။ နောက်ပြီး ပုံမှန်ဆေးသောက်နေရတဲ့သူတွေ ပါတော့ ဆေးဝါးတွေ လိုအပ်နေတယ်။ ကြာလာရင် နာတာရှည် ဝေဒနာရှင်တွေအတွက် မလွယ်ဘူး” လို့ ပြောပါတယ်။
အဲဒီ စစ်ဘေးရှောင်တွေဟာ ဝတ်ကုန်း၊ လဲခုံလေး၊ လဲခုံကြီး၊ ချင်းလယ်နဲ့ စန်းကုန်းကျေးရွာတွေက ဒေသခံတွေဖြစ်ပြီး တိုက်ပွဲတွေ ဆက်ရှိနေတာကြောင့် စစ်ရှောင်ဦးရေဟာ အခုထက် များလာနိုင်သေးတယ်လို့ ဆိုပါတယ်။
နောက်ထပ် စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတယောက်က “ဒီဘက် ရာသီဥတုက ပူတော့ စစ်ရှောင်တွေအတွက် အတော်ဒုက္ခရောက်နေတယ်။ အခု စစ်ရှောင်အယောက် ၁,၆၀၀ ဆိုတာက ခန့်မှန်းပါ။ အခုထက် များနိုင်တယ်။ တိုက်ပွဲက ဖြစ်သေးတယ်” လို့ ပြောပါတယ်။
အဲဒီ စစ်ရှောင်တွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစုပါပြီး တချို့အမျိုးသားတွေက နေအိမ်မှာပဲ ကျန်ခဲ့ပြီး အခြေအနေကြည့်ကာ စစ်မရှောင်ဘဲနေတာ ရှိသလို စစ်ကောင်စီတပ်က ထိပ်တိုက်တိုးရင် ဖမ်းဆီးနေတာကြောင့် ပုန်းခိုနေရတယ်လို့ ဆိုပါတယ်။
လက်ရှိ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ အရပ်သားတွေနေတဲ့ ကျေးရွာတွေအထိ ဗုံးကြဲချတာတွေပါ လုပ်နေပြီး ကျုံပျော်အခြေစိုက် ခလရ ၆၃ တပ်ကနေ စက်တပ်လေထီးတွေနဲ့ပါ ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။