
ယူကရိန်းကို ၂၀၂၅ မှာ စစ်ရေးအထောက်အပံ့အနေနဲ့ ယူရို ၄၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၆၆ ဘီလီယံ) ပေးဖို့ ဥရောပကော်မရှင်ရဲ့ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ကာယာကောလပ်စ်က ဥရောပသမဂ္ဂ (EU) ရဲ့ မတ် ၁၇ ရက် အစည်းအဝေးမှာ အဆိုပြုခဲ့ပါတယ်။
ဒါဟာ ၂၀၂၄ ခုနှစ်က ပေးခဲ့တဲ့ ပမာဏထက် ၂ ဆလောက်ရှိပြီး EU အဖွဲ့ဝင် နိုင်ငံတခုစီရဲ့ စီးပွားရေး အရွယ်အစားအလိုက် အချိုးကျ ဝေပုံကျ ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ EU ဟာ ဒီအဆိုပြုချက်နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲနေတာပါ။
အီတလီနဲ့ စပိန်တို့က ဒီအစီအစဉ်ကို ထောက်ခံမလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။
ယူကရိန်းရဲ့ မောင်းသူမဲ့လေယာဉ် လေ့ကျင့်ရေးစင်တာနဲ့ စစ်လေယာဉ်ကွင်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားတပ်တွေက မတ် ၁၇ ရက်မှာ ကြေညာခဲ့ပြီး အဲဒီနေ့မှာပဲ ယူကရိန်းတပ်ဖွဲ့ဝင်တွေက ရုရှားစစ်ပြင်ဆင်ရေးစခန်းတခုကို တိုက်ခိုက်ခဲ့တယ်လို့ ကြေညာ ပါတယ်။
ယူကရိန်း အရှေ့တောင်ပိုင်း ဇာပိုရစ်ရှားဒေသက စတေဗိုပယ်ရွာကို ရုရှားစစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အရင်နေ့က ရုရှားစစ်တပ်ဟာ ယူကရိန်းစစ်တပ်ရဲ့ ဒရုန်းထိန်းချုပ်ရေးလေ့ကျင့်ရေးစင်တာနဲ့ စစ်ဘက်လေယဉ်ကွင်း အများအပြားကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်တွေက JDAM ဗုံး ၂ လုံးနဲ့ ဒရုန်း ၁၇၇ စင်းတို့ကို ပစ်ချခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှားနိုင်ငံအနောက်ပိုင်း ကာ့စ်ခ်ဒေသမှာ ယူကရိန်း လက်နက်တွေနဲ့ စက်ပစ္စည်းကိရိယာတွေကို ဖျက်ဆီးပြီး သိမ်းပိုက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ဗီဒီယိုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနေ့ ဒေသစံတော်ချိန် တနင်္လာနေ့ မွန်းလွဲပိုင်းအထိ ရှေ့တန်းနယ်မြေတွေမှာ တိုက်ပွဲပေါင်း ၉၈ ကြိမ် ဖြစ်ခဲ့တယ်လို့ ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကာ့စ်ခ်ဒေသထဲမှာ ယူကရိန်းစစ်တပ်က ရုရှားရဲ့တိုက်ခိုက်မှု ၄ ခုကို ချေမှုန်းခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်းစစ်တပ် အမှတ် ၄၇ စက်မှုလက်မှုတပ်မဟာက ကာ့စ်ခ်ဒေသထဲက ရုရှားစစ်စခန်းတခုကို တာဝေးပစ်အမြောက်နဲ့ ပစ်ခတ်ခဲ့ပြီး အဲဒီနေ့မှာတင် ဒရုန်းနဲ့ရိုက်ကူးထားတဲ့ ဗီဒီယိုကို ထုတ်လွှင့်ခဲ့ပါတယ်။
Source : Reuters