
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ ကွိုင်ငံကျေးရွာအနီးနားမှာ အမျိုးသားတယောက် ချောင်းထဲကျ သေဆုံးနေတယ်လို့ ကယ်ဆယ်ပေးခဲ့သူတွေက ပြောပါတယ်။
မတ် ၁၈ ရက် နေ့လယ်မှာ အမျိုးသားတယောက် သေဆုံးတာကို ရွာသားတွေက အကြောင်းကြားလာတဲ့အတွက် အားမာန်သစ် ပရဟိတအသင်းက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
အားမာန်သစ် ပရဟိတအသင်း အဖွဲ့ဝင်တယောက်က “မိဘဆီပြန်မလို့လုပ်ရင်းနဲ့ လမ်းမှာ ချော်လဲတာ၊ ပြန်တဲ့လမ်းက တအားကျဥ်းတဲ့အခါကျတော့ ချော်လဲပြီး ချောင်းထဲကျပြီး သစ်ငုတ်တခုနဲ့ သွားတိုက်မိတယ်လို့ပြောတယ်” လို့ ပြောပါတယ်။
အဆိုပါ အသက် ၃ဝ အရွယ် အမျိုးသားက စစ်ဘေးရှောင်နေရင်းကနေ မိဘဆီ အလည်ပြန်ဖို့ လုပ်ရာက လမ်းခုလတ်မှာ ချောင်းထဲပြုတ်ကျပြီး သေဆုံးခဲ့ကာ သေဆုံးအလောင်းရဲ့ အခြေအနေအရ သေဆုံးတာ ၄ ရက်လောက်ရှိနေပြီလို့ ဆိုပါတယ်။
သေဆုံးခဲ့သူကိုတော့ ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပြီးတာနဲ့ ချက်ချင်းသင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
မတ် ၂ ရက်ကလည်း ကွိုင်ငံကျေးရွာအနီးက ရေထွက်ပေါက်တခုမှာ ကျောင်းသားလူငယ်တွေ ရေလာချိုးရင်းကနေ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တယောက် ရေနစ်သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီ ၁၁ ရက်ကလည်း ဒီးမော့ဆိုအနောက်ခြမ်းက ကျေးရွာတခုမှာ အသက် ၃၀ အရွယ် အမျိုးသားတယောက် လက်ပြန်ကြိုးတုပ်ခံရတဲ့ အနေအထားနဲ့ သေဆုံးခဲ့ပါတယ်။