Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
March 11, 2025

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတရွာမှာ WY ခေါ် မူးယစ်ဆေးဝါး အပြား ၁,၀၀၀ ကျော်ကို မတ် ၇ ရက်က ဖမ်းဆီးရမိပြီး တရားခံကို အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ကရင်နီပြည်ရဲဌာန ရဲမှူး ကိုဘိုဘိုက ပြောပါတယ်။

ကရင်နီပြည်ရဲစခန်း အမှတ် ၁၀ က တာဝန်ရှိသူတွေနဲ့ KNDF တို့ ပူးပေါင်းပြီး သတင်းရရှိတဲ့ နေအိမ်ကို သွားရောက်စစ်ဆေးရာမှာ WY ဆေးပြား ၁,၁၈၈ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်မေးရာကနေ နောက်တနေရာမှာ ဆေးပြား ၅၆ ပြားကို သိမ်းဆည်းရမိခဲ့တဲ့အပြင် လက်လုပ်သေနတ်နဲ့ ငွေသားတချို့ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

KSP ရဲမှူး ကိုဘိုဘိုက “ပထမ တရားခံကနေ ၁,၁၈၈ ပြားရတယ်။ ပြီးတော့ ပွိုင့် 22 လက်လုပ်ပစ္စတိုတလက်၊ မူးယစ်ဆေးဝါးရောင်းလို့ရငွေလို့ ယူဆရတဲ့ ငွေ ၂၅ သိန်းကို သိမ်းဆည်းရမိတယ်။ အဲ့တယောက်ရဲ့ ထွက်ဆိုချက်အရ နောက်တယောက်နားကလည်း မူးယစ်ဆေးဝါး သိမ်းဆည်းရမိတယ်။ ရမန်ယူပြီးတော့ အမှုတည်ဆောက်ပြီး တရားစွဲဖို့ လုပ်နေတယ်ဗျ” လို့ ပြောပါတယ်။

KSP အဖွဲ့က ကျေးရွာဒေသခံတွေလုံခြုံရေးအတွက် ပညာပေးဟောပြောမှုတွေ၊ မူးယစ်ဆေးဝါး ရှောင်တခင်စစ်ဆေးတာတွေ၊ ပြည်သူတွေအတွက် စပါးရိတ်သိမ်းကူတာတွေ၊ ယာဥ်စည်းကမ်း အသိပညာပေးတာတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း KSP အရေးယူဆောင်ရွက်တဲ့ လူသတ်မှု၊ မုဒိမ်းမှု၊ ဓားပြမှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးမှုနဲ့ တခြားအမှု စုစူပေါင်း ၁၅၄ မှုကို ကိုင်တွယ်ဖြေရှင်းနေပြီး မူးယစ်ဆေးဝါးမှုက ၇၅ မှုအထိ ပါဝင်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC က ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024