
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ထဲက ရှိန်းခေါင်ရေခဲပြင်ရွာမှာ မတ် ၁၈ ရက် သန်းခေါင်ယံ ၁၂ နာရီလောက်မှာ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၄ လုံး မီးထဲပါသွားတယ်လို့ ဒေသခံက ပြောပါတယ်။
ညသန်းခေါင်ယံ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးခြိမ်းနေချိန်မှာ မီးလောင်တာဖြစ်တယ်လို့ ရွာခံလူငယ် တယောက်က ပြောပါတယ်။
“မနေ့ည ၁၂ နာရီမှာ မီးလောင်သွားတာပါ။ မနှစ်တုန်းကလည်း ဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် မီးလောင်ခဲ့တယ်။ မနှစ်က မီးလောင်မှုနဲ့ တနာရီလောက်ပဲ ခြားတယ်။ မနေ့ည မိုးကြိုးလည်း ပစ်နေချိန်ဆိုတော့ မီးကြိုး၊ ဝါယာကြိုးတွေရှော့ဖြစ်ပြီး မီးလောင်တာဖြစ်မယ်။”
အဆိုပါမီးလောင်မှုမှာ လူထိခိုက်မှုမရှိပေမဲ့ နေအိမ် ၄ လုံး မီးထဲပါသွားကာ ရွာခံတွေရဲ့ အဓိကမိသားစု၀င်ငွေအဖြစ် စိုက်ပျိုးထားတဲ့ ရှားကောတချို့ မီးထဲ ပါသွားပါတယ်။
ရှိန်းခေါင်ရွာဟာ ရေခဲပြင်ရွာတရွာဖြစ်ပြီးတော့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ရဲ့ ဌာနချုပ် အခြေစိုက်ရာ နေရာ ဖြစ်ပါတယ်။
ရှိန်းခေါင်ရွာခံတွေဟာ ရှားကောခင်းတွေ အဓိကစိုက်ပျိုးကာ မိသားစု ရပ်တည်နေကြတာ ဖြစ်ပါတယ်။