
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ သမိုင်းဝင် စိန့်ပက်ထရစ် ကက်သလစ်ဘုရားကျောင်းကြီးကို မတ် ၁၆ ရက် ညနေ ၄ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ်လ ၁၆ ရက် ညနေက ဗန်းမော်က RC ဘုရားကျောင်း မီးလောင်သွားတာလို့ KIA ရှေ့တန်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
“ဗန်းမော် အ.ထ.က ၂ ဘေးကပ်လျက်က ကက်သလစ်ဘုရားကျောင်းကြီး အကုန်ပြာကျသွားပြီ။ ရှေးဟောင်း မှတ်တမ်း၀င် ဘုရားကျောင်းတော်ကြီး။”
စုပေါင်းရုံးဘက်မှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေက လာရောက်မီးရှို့ဖျက်ဆီးသွားတာလို့ ကြားသိရတယ်လို့လည်း ဆိုပါတယ်။
ဗန်းမော် စိန့်ပက်ထရစ် ဘုရားကျောင်းကြီး မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း Radio Veritas Asia Kachin Service (RVA-KS) ကလည်း အတည်ပြု သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ ဘုရားကျောင်းကြီးကို ၁၉၅၈ ခုနှစ်ဝန်းကျင်က တည်ဆောက်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၇၀ နီးပါး သက်တမ်းရှိ ဗန်းမော်မြို့ရဲ့ အထင်ကရ ဘုရားကျောင်းကြီး ဖြစ်ပါတယ်။
ဗန်းမော်မြို့ရှိ စာသင်ကျောင်း၊ ဘုရားကျောင်းဝင်းက ဆရာတော်နေအိမ်၊ ဓမ္မာရုံတွေကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက အကုန်မီးရှို့ဖျက်ဆီးခံထားရပြီး ဘာသာရေးဝင်း၊ အဆောက်အဦတွေဖြစ်တဲ့ သိမ်တော်ကြီးဘုရားဝင်း၊ ရောဘတ်ဘုရားကျောင်း၊ RC ဘုရားကျောင်းတွေ အကုန်ပျက်စီးသွားပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဗန်းမော်မြို့ ခူးလီနဲ့ စင်းခန်းရွာတွေဘက်မှာလည်း မတ် ၁၇ ရက် ညနေ ၅ နာရီလောက်က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။
ဒေသခံတယောက်က “ခူးလီရွာမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ပြည်သူတွေ ထိခိုက် သေဆုံးတာ ရှိတယ်” လို့ ပြောပါတယ်။
ခူးလီရွာကို မန္တလေးဘက်ကနေ တက်လာတဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး မတ် ၁၇ ရက် ည ၇ နာရီ လောက်ကလည်း စင်းခန်းရွာဘက်ကို ဗုံးထပ်ကြဲလို့ အရပ်သားတွေ ထိခိုက်တာတွေ ရှိတယ်လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
စင်းခန်းဘက် လေကြောင်း ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ပြည်သူ ၇ ယောက် ထိခိုက် ဒဏ်ရပြီး ၂ ယောက်က ဒဏ်ရာပြင်းထန်ကာ အမျိုးသမီးတယောက် သေဆုံးသွားတယ်လို့ သူက ပြောပါတယ်။
ဗန်းမော်မြို့မှာတော့ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဒရုန်း တွေ အဓိက အသုံးပြု တိုက်ခိုက်နေပါတယ်။