
ဓားစာခံတွေကို လွှတ်ပေးဖို့ ငြင်းပြီး အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အားလုံးကို ပယ်ချခဲ့တဲ့ ဂါဇာကမ်းမြောင်ရှိ ဟားမတ်စ်တွေကို အပြင်းအထန် အရေးယူဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက စစ်တပ်ကို ညွှန်ကြားခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက မတ် ၁၈ ရက်မှာ ပြောပါတယ်။
ခုချိန်ကစပြီး အစ္စရေးဟာ ဟားမတ်စ်တွေကို ပိုတိုးထားတဲ့ စစ်အင်အားတွေကိုသုံးပြီး အရေးယူသွားမယ်လို့ ဝန်ကြီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။
လောလောဆယ် အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်က ဟားမတ်စ် အကြမ်းဖက်အဖွဲ့ပိုင်တဲ့ အကြမ်းဖက်ပစ်မှတ်တွေကို ကျယ်ကျယ်ပြန့်ပြန့် စီးနင်းတိုက်ခိုက်နေတယ်လို့ X လူမှုကွန်ရက် မီဒီယာပေါ်ကနေ အတည်ပြုပါတယ်။
အစ္စရေးက ဂါဇာမှာ လေကြောင်းတိုက်ခိုက်လို့ လူအယောက် ၂၀၀ ထက်မနည်း သေဆုံးတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူအများစုက ကလေးတွေလို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန အရာရှိတွေက ပြောခဲ့ပါတယ်။
အင်္ဂါမနက်ပိုင်းမှာ တိုက်ခိုက်မှုက ပစ်မှတ်ဒါဇင်ချီကို ထိမှန်ခဲ့တယ်လို့လည်း သူတို့က ပြောပါတယ်။
ဇန်နဝါရီလ တိုက်ပွဲတွေကို ရပ်ထားတဲ့ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ သီတင်းပတ် တပတ်ကြာ သောင်မတင် ရေမကျ ဖြစ်နေတဲ့ အခြေအနေလည်း အဆုံးသတ်သွားခဲ့ပါတယ်။
ဂါဇာမြောက်ပိုင်း၊ ဂါဇာစီးတီးမြို့၊ ဒီယာအယ်လ်ဘာလာ၊ ခန်းယူးနစ်နဲ့ ရာဖာ အပါအဝင် ဂါဇာကမ်းမြောင်ရဲ့ အလယ်ပိုင်းနဲ့ တောင်ပိုင်းက နေရာအတော်များများကို လေကြောင်းတိုက်ခိုက်နေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
Source : Reuters